The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသခဲ့တာကြောင့် ကြံ့ခိုင်မှုပြန်ရဖို့ ၃ ပတ်လောက် အနားယူသွားရမယ့် ဆာနေး

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီရွိင်ဆာနေးဟာ ဂျာမနီအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်း ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တာကြောင့် ကြံ့ခိုင်မှုပြန်ရဖို့ ၃ ပတ်လောက်အနားယူသွားရမှာဖြစ်ပြီး ၂၀၂၄-၂၅ ရာသီသစ်မတိုင်မီ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ပြန်ကစားနိုင်မယ်လို့သိရပါတယ်။

ဆာနေးဟာ စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီအတွက်ပါဝင်ကစားရင်း ကာလရှည်ကြာခံစားခဲ့ရတဲ့ ပေါင်ခြံဒဏ်ရာကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသက်-၂၈ နှစ်အရွယ် ကစားသမားဟာ ရာသီသစ်မစတင်ခင်မှာ ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆာနေးရဲ့ခွဲစိတ်မှုက အသေးအဖွဲသာဖြစ်ပြီး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့သော်လည်း ဂျာမနီသတင်းတွေအရ တောင်ပံကစားသမားဟာ အချိန်အနည်းငယ်အနားယူဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။   သို့သော်လည်း ၃ ပတ်ခန့်သာ အနားယူရမှာဖြစ်လို့ ကစားသမားဟာ ဇူလိုင်လကုန်မှာ ခြေစမ်းပွဲစဉ်တွေကစားဖို့ ဘိုင်ယန်မြူးနစ်  အသင်းဖော်တွေနဲ့ ပူးပေါင်းသွားနိုင်မယ်လို့သိရပါတယ်။

ဘိုင်ယန်မြူးနစ်က “ဂျာမနီအသင်း ယူရို ၂၀၂၄ ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ လီရွိုင်ဆာနေးက သူ့ရဲ့ပေါင်ခြံဒဏ်ရာကို တနင်္လာနေ့မှာ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက အဆိုပါဒဏ်ရာကြောင့် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီဖြစ်လို့ အသက်-၂၈ နှစ်သားဟာ ဇူလိုင်လအကုန်မှာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို ပြန်လည်ပါဝင်နိုင်မှာြဖစ်ပါတယ်” လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲက ဩဂုတ်လ ၂၃ ရက်နေ့မှာ စတင်မှာဖြစ်လို့ ဆာနေးအနေနဲ့ ပြိုင်ပွဲစတင်ချိန်မှာတော့ ကြံ့ခိုင်မှုပြည့်ဝနေမှာသေချာပါတယ်။ ဒါ့အပြင်ကစားသမားဟာ ဘိုင်ယန်မြူးနစ်ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်း ပါဝင်နိုင်ဖို့ အလားအလာများနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဩဂုတ်လ ၁ လထဲမှာပဲ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်နဲ့ ၂ ကြိမ်တိုင်တိုင်တွေ့ဆုံသွားမှာဖြစ်ပြီး ဩဂုတ်လ ၃ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့သွားရောက်ကစားပြီး ၁၀ ရက်နေ့မှာတော့ လန်ဒန်မှာ ကစားသွားမှာဖြစ်ပါတယ်။