
ဗီလာနဲ့ပွဲမတိုင်ခင် ဒဏ်ရာပြဿနာရှိနေတဲ့ အာဆင်နယ်စတားတစ်ဦး
အာဆင်နယ်အသင်းရဲ့အဓိကနောက်ခံလူ ဆာလီဘာတစ်ယောက် စနေနေ့မှာကန်မယ့် ဗီလာနဲ့ပွဲမတိုင်ခင် ဒဏ်ရာပြဿာနာရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ တော့တင်ဟမ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့လန်ဒန်ဒါဘီပွဲမှာ တံကောက်ကြောဒဏ်ရာအနည်းငယ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။
သောကြာနေ့က အဆိုပါအခြေအနေမြင့်တက်လာခဲ့ပြီး အာဆင်နယ်အသင်းရဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ဆာလီဘာကို မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
သောကြာနေ့က ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အာတီတာက “ဆေးအဖွဲ့နဲ့စကားပြောဆိုပြီး ကျွန်တော်တို့ ဒီနေ့နေ့လည်ခင်းမှာ ဆုံးဖြတ်ချက်အနည်းငယ်ချမှတ်သွားမှာပါ။ အခြေအနေအပေါ်မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
သောကြာနေ့က လေ့ကျင့်ခန်းအစီအစဉ်မှာ ခီဗီယောတစ်ယောက် ပါဝင်လာခဲ့ပြီး ဆာလီဘာမပါဝင်နိုင်ခဲ့ရင် ဂါဘရီရယ်နဲ့အတူ ပွဲထွက်လာဖွယ်ရှိနေပါတယ်။ အာဆင်နယ်ခံစစ်ပိုင်းမှာ ဘင်ဝှိုက် နဲ့ တိုမီယာဆုတို့ ဒဏ်ရာပြဿနာရှိနေသလို ကာလာဖီအိုရီကလည်း အခုချိန်အထိ နားနေရဆဲဖြစ်ပါတယ်။
စကယ်လီက အီတလီသားမပါဝင်နိုင်ချိန်မှာ ဘယ်နောက်ခံလူအဖြစ် ပါဝင်ကစားပေးနေပါတယ်။ “ကျွန်တော် သူ့ကိုမြင်တွေ့ချိန်မှာ သူ့ကိုအခွင့်အရေးပေးခဲ့ပါတယ်။ အကယ်ဒမီမှာတုန်းက ကွင်းလယ်မှာကစားပေမယ့် အခုတော့ သူနေရာပြောင်းကစားနေရပါတယ်။
သူနဲ့လည်း စကားပြောဖြစ်ပါတယ်။ ဘယ်နေရာမှာကစားရ ကစားရ သူကအဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အဲ့လိုအသားကျနိုင်တဲ့အရည်အချင်းရှိနေလို့ပါ။
ကျွန်တော်တို့ ကစားတဲ့နည်းလမ်းက သူ့အတွက်လည်း အဆင်ပြေပါတယ်။ အဲ့အတွက် အလုပ်အနည်းငယ်လုပ်ခဲ့ရပေမယ့် သူ့အတွက် အဆင်ပြေပြီး အခုဆို သူအကောင်းဆုံးလုပ်ဆောင်နိုင်နေပါပြီ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ၄ မှတ်သာကွာဟတော့တာဖြစ်ပြီး ဗီလာကိုအနိုင်ကန်နိုင်ခဲ့မယ်ဆိုရင် အနီးကပ်ဆုံးအနေအထားကို ရောက်လာမှာဖြစ်ပါတယ်။