The network connection is lost.

Banner Image

စပိန်ဘုရင့်ဖလားဖိုင်နယ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို ရေခဲတုံးနဲ့ပစ်ခဲ့လို့ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ ရူဒီဂါ

ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယိုရူဒီဂါဟာ စနေနေ့ညက ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဖိုင်နယ်မှာ ကွင်းလယ်ဒိုင်ကို ရေခဲတုံးနဲ့ပစ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့အတွက် ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ရူဒီဂါဟာ ဒိုင်လူကြီး ရီကာဒို ဒီ ဘာဂို့စ် ဘန်ဂိုအက်ချက်ကိုနဲ့ အချင်းများရန်ကြိုးစားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက တာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ရပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ လူးကက်စ်ဗက်စ်ကွက်ဇ်နဲ့ ဗင်နီစီးယက်စ်ဂျူနီယာတို့ဟာ ဒိုင်လူကြီးကို ရန်ပြုဟန်ပြခဲ့ကြတာကို တွေ့ရပါတယ်။  အဲဒီနောက် ရူဒီဂါက ရီးရဲလ်မက်ဒရစ် အရန်ခုံအနီးကနေ ရေခဲတုံးတစ်တုံးကို ပစ်ပေါက်ခဲ့တာကြောင့် ဒီ ဘာဂို့စ် ဘန်ဂိုအက်ချက်ကိုက ဗက်စ်ကွတ်ဇ်နဲ့ ရူဒီဂါတို့ကို အနီကတ်ပြသခဲ့ပါတယ်။ 

ဂျာမန်နောက်ခံလူက ဒီ ဘာဂို့စ် ဘန်ဂိုအက်ချက်ကိုဆီကို ထပ်မံသွားရောက်ရန် ကြိုးစားခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသမားနည်းပြ လူးဝစ် လိုပစ်နဲ့ ဂိုးသမား အန်ဒရီလူနင်တို့အပါအဝင် နည်းပြအဖွဲ့ဝင်တွေက ထိန်းသိမ်းခဲ့ကြပြီး ကွင်းပြင်ပကို ခေါ်ထုတ်သွားခဲ့ပါတယ်။
ဒီ ဘာဂို့စ် ဘန်ဂိုအက်ချက်ကိုက စပိန်ဘောလုံးအဖွဲ့ချုပ်ကို ပေးပို့တဲ့ ပွဲအပြီးအစီရင်ခံစာအရ ရူဒီဂါကို "အရန်ခုံမှ အရာဝတ္ထုတစ်ခုကို ပစ်ပေါက်ခဲ့လို့" ထုတ်ပယ်ခဲ့တာဖြစ်ပြီး အနီကတ်ပြသခဲ့ပြီးနောက် "ရန်လိုတဲ့သဘောထားပြသခဲ့တယ်" လို့ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ ဗက်စ်ကွက်ဇ်ကို "ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တစ်ခုကို ကန့်ကွက်ခဲ့လို့ကွင်းအတွင်းသို့ မီတာအနည်းငယ်ဝင်ရောက်ကာ သဘောမတူတဲ့အမူအရာပြသခဲ့တယ်" ဆိုပြီးတော့လည်းကောင်း၊ ဂျူ့ဒ်ဘယ်လ်လင်ဟမ်ကို ပွဲပြီးဆုံးသွားပြီးနောက် ဒိုင်လူကြီးတွေကို "ရန်လိုတဲ့သဘောထားပြသခဲ့တယ်" ဆိုပြီးတော့လည်းကောင်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ရူဒီဂါရဲ့ လုပ်ရပ်တွေကြောင့် ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့ရှိသလို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေရဲ့အပြုအမူနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားဖို့ရှိပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ထက် ၄ မှတ်အသာရရှိထားပြီး ပွဲစဉ် ၅ ပွဲသာကျန်ရှိတာကြောင့် မေလ ၁၁ ရက်နေ့မှာ ကစားမယ့် အယ်လ်ကလက်စီကိုပွဲစဉ်ဟာ ဆုဖလားရရှိရေးအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။