
ကိုပါဒယ်ရေးဖိုင်နယ်ပွဲက သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး တောင်းပန်လိုက်တဲ့ ရူဒီဂါ
ကွင်းလယ်ဒိုင်ကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီးနောက် ရီးရဲလ်နောက်ခံလူ ရူဒီဂါက သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး တောင်းပန်လိုက်ပါတယ်။ ကွင်းလယ်ဒိုင် ရီကာဒိုရဲ့ကိုင်တွယ်ပုံက ပြောစရာဖြစ်ခဲ့ပြီး ရီးရဲလ်အသင်းဘက်ကို ပေးရမယ့်ပြစ်ဒဏ်ဘောတွေမပေးခဲ့တာဖြစ်ပါတယ်။
အဆုံးသတ်မှာ ဘာပေရဲ့ဖရီးကစ်ကိုသာ ခွင့်ပြုခဲ့ပြီး ရူဒီဂါတစ်ယောက် ကွင်းလယ်ဒိုင်ကို ဒေါသတကြီးတုံ့ပြန်ခဲ့ကာ ဝန်ထမ်းတွေဝိုင်းတားခဲ့ပေမယ့် အနီကတ်ပြသခံခဲ့ရပါတယ်။ ဘာစီလိုနာကို ၃-၂ နဲ့အရေးနိမ့်ခဲ့တဲ့ဖိုင်နယ်မှာ ရူဒီဂါဟာ အထုတ်ခံခဲ့ရတဲ့ ရီးရဲလ်စတား ၃ ဦးထဲကတစ်ဦးလည်းဖြစ်ပြီး အခြားအသင်းဖော် ၂ ဦးဖြစ်တဲ့ ဘယ်လင်ဟမ် နဲ့ ဗက်စ်ကွက်တို့လည်း အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
ရူဒီဂါကတော့ ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့တစ်ဦးတည်းသောကစားသသမားဖြစ်ပြီး အခုချိန်မှာ ပြန်လည်တောင်းပန်လာခဲ့ပါတယ်။ “ပြီးခဲ့တဲ့ညက ကျွန်တော့်အပြုအမူက ခွင့်မလွှတ်နိုင်စရာပါ။ ကျွန်တော် အဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပွဲကောင်းတစ်ပွဲကန်ခဲ့ရပါတယ်။ ၁၁၁ မိနစ်အပြီးမှာ ကျွန်တော်အသင်းကို ဆက်မကူညီပေးနိုင်တော့ပါဘူး။ ပြီးတော့ အမှားလုပ်ခဲ့ပြီး ကွင်းလယ်ဒိုင်ကိုလည်း တောင်းပန်ချင်ပါတယ်။ ပြီးတော့ မနေ့ညက စိတ်ပျက်စေခဲ့တဲ့သူတိုင်းကိုလည်း တောင်းပန်ပါတယ်”လို့ တွစ်တာကနေ ရေးသားတင်ခဲ့ပါတယ်။
စပိန်သတင်းဌာနရဲ့အဆိုအရ ရူဒီဂါအနေနဲ့ သူ့အပြုအမူကြောင့် ၄ ပွဲကနေ ၁၂ ပွဲလောက် ပွဲပယ်ခံရနိုင်သလို လက်ကျန်လာလီဂါပွဲစဉ်တွေကိုပါ လွဲချော်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဂျာမန်သားအနေနဲ့ အခြေအနေတွေအပေါ်မူတည်ပြီး ကာလရှည်ပြစ်ဒဏ်ခံရနိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။