The network connection is lost.

Banner Image

ဖခင်ဆုံးရှုံးခဲ့ရတဲ့ အာမက်ကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ချန်လှပ်ထားကြောင်း ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဖခင်ဖြစ်သူကို လောလောလတ်လတ်ဆုံးရှုံးထားခဲ့ရတဲ့ အသင်းရဲ့တောင်ပံကစားသမား အာမက်ဒီယာလိုကို ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားမယ့် လူစာရင်းမှချန်လှပ်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပေမယ့် အာမက်ဟာ မန်ချက်စတာမြို့မှာပဲဆက်လက်နေထိုင်နေဆဲဖြစ်ပြီး အာမိုရင်က အာမက်အတွက် ဘရန့်ဖို့ဒ်ကို အနိုင်ယူသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

အာမက်ဟာ ယခုရက်သတ္တပတ်အတွင်း အခက်အခဲတွေ‌နဲ့ကြုံတွေ့ထားရပြီး ဖခင်ကွယ်လွန်ခဲ့ရုံမက ဆိုရှယ်မီဒီယာမှာလည်း အသင်းဖော်ဟောင်း အလီဂျန်ဒရို ဂါနာချိုနဲ့ပုံတွေကို ယူနိုက်တက်ပရိသတ်တွေစိတ်ကျေနပ်စေဖို့ ဖျက်ပေးခဲ့ရတာဖြစ်ပါတယ်။ အာမက်ဟာ ဂါနာချိုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး ချဲလ်ဆီးကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အတူတူတွဲရိုက်ထားတဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါတယ်။ သို့သော်လည်း ဂါနာချိုကိုမုန်းတီးနေတဲ့ ယူနိုက်တက်ပရိသတ်တွေကတော့ အဆိုပါပုံအောက်မှာ အာမက်ကိုဝေဖန်ခဲ့ကြပြီး ဂါနာချိုကလည်း ပြင်းပြင်းထန်ထန်မှတ်ချက်ပေးခဲ့ကြပါတယ်။

ယခုအခါမှာတော့ အာမိုရင်က "ကျွန်တော် ကစားသမားတွေကို ဆိုရှယ်မီဒီယာ ပိတ်ထားဖို့ ပြောထားပါတယ်။ ဒီခေတ်မှာ ဒီလိုပြဿနာတွေကဖြစ်နေကျပါ။ နာမည်ကြီးလာတာနဲ့အမျှ တစ်ဖက်မှာပြန်ပေးဆပ်ရတာတွေရှိပါတယ်။ ဒါပေမယ့် ကလပ်နဲ့ အသင်းရဲ့ကစားသမားတွေက အာမက်ဘက်မှာရှိနေပါတယ်။ ကျွန်တော်တို့အားလုံး သူနဲ့အတူရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာမက်ကို ဘရန့်ဖို့ဒ်နဲ့ပွဲမှချန်လှပ်ထားကြောင်းကိုလည်း ပေါ်တူဂီသားနည်းပြက "ဒီလိုအချိန်က သူ့အတွက် အရမ်းခက်ခဲတဲ့အချိန်ပါ။ ဒီပွဲက သူ့အတွက်အရေးမကြီးပါဘူး။ ကျွန်တော်တို့ သူမပါဘဲ ဒီပွဲကို သူ့အတွက်နိုင်အောင်ကစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ အာမက်သာမက နောက်ခံလူ မာဇရာဝီကလည်း ချဲလ်ဆီးနဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို လွဲချော်သွားမယ်လို့ အာမိုရင်က အတည်ပြုထားပါတယ်။