
ဖီအိုရင်တီနားနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မေဆင်မောင့်ကို အာမိုရင် ချီးကျူး
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က စနေနေ့ညက အီတလီကလပ် ဖီအိုရင်တီးနားကို ပင်နယ်တီအဆုံးဖြတ်နဲ့အနိုင်ရခဲ့တဲ့ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းရဲ့ကွင်းလယ်လူ မေဆင်မောင့်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
မေဆင်မောင့်ဟာ ယခုပွဲစဉ်မှာ False 9 နေရာမှာ ကစားခဲ့တာဖြစ်ပြီး ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းအတွက် အထောက်အကူအများကြီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဖီအိုရင်တီးနားက ဦးဆောင်ဂိုးအရင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၈ မိနစ်မှာပဲ ထောင့်ကန်ဘောပေးပို့မှုမှတစ်ဆင့် ဆိုင်မွန်ဆိုမ်က ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အတွက်ချေပဂိုးကိုတော့ ဖီအိုရင်တီးနားနောက်ခံလူ ရော်ဘင်ဂိုဆန်စ်က ကိုယ့်ဂိုးကိုယ်ပြန်လည်သွင်းယူမိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာမှာရပ်တည်ခဲ့တဲ့ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်းမှာတော့ မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဘင်ဂျင်မင်ဆက်စ်ကိုတို့ကိုခေါ်ယူပြီး တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းထားခဲ့ပြီဖြစ်ပါတယ်။
သို့သော်လည်း ယခုဖီအိုရင်တီးနားနဲ့ပွဲစဉ်မှာတော့ မေဆင်မောင့်က အထူးခြေစွမ်းပြသခဲ့တာဖြစ်ပြီး အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် သက်သေပြသနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က “ဒီနေ့ပွဲမှာ မေဆင်မောင့်ကစားခဲ့တဲ့ပုံစံက အံ့မခန်းပါပဲ။ တစ်နေရာနဲ့တစ်နေရာ အမြဲတမ်းကူးပြောင်းနေပြီး အသင်းကို ဘက်ပေါင်းစုံကနေ အကူအညီပေးခဲ့ပါတယ်။ သူက အသင်းရဲ့နေရာတိုင်းကိုလည်း သိနေတဲ့သူပါ။ ဒီပွဲက အသင်းအတွက် ကောင်းမွန်တဲ့စမ်းသပ်ချက်ဖြစ်ခဲ့ပါတယ်”
“ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ကစားသမား ၁၁ ယောက်စလုံးကို နေရာချဖို့ခက်ခဲခဲ့ပေမယ့် အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဒါက အသင်းရဲ့တိုးတက်လာမှုကိုမီးမောင်းထိုးပြနေသလိုပါပဲ။ ကစားသမားတွေက ကျွန်တော့်ရဲ့စိတ်ကို ပြောင်းလဲစေခဲ့ပါတယ်။ ရာသီသစ်အတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေမှာပါ” လို့ပြောကြားခဲ့ပါတယ်။
၂၀၂၅-၂၆ ဘောလုံးရာသီအစ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ယူနိုက်တက်ဟာ အစဉ်အလာပြိုင်ဘက် အာဆင်နယ်နဲ့ စတင်ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။