
အယ်လ်-နာဆာ အကယ်ဒမီမှာ ခြေစွမ်းပြရင်း ပေါ်တူဂီ ယူ-၁၆ အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံလိုက်ရတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့သား
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားဟာ ပေါ်တူဂီ ယူ-၁၆ အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံလိုက်ရပြီဖြစ်ပြီး ဒီအရည်အချင်းရှိတဲ့ ဆယ်ကျော်သက်လေးဟာ ကလပ်အသင်းရော နိုင်ငံအသင်းမှာပါ လူငယ်အဆင့်ဆင့်ကို ထူးထူးခြားခြား ဖြတ်ကျော်တက်လှမ်းလာနေပါတယ်။ ခရစ္စတီယာနို ဂျူနီယာဟာ သူ့ရဲ့ စူပါစတားဖခင်ကြီးလိုပဲ လက်ရှိမှာ ဆော်ဒီ ပရို လိဂ်ကလပ် အယ်လ်နာဆာ အသင်းမှာ ကစားနေတာပါ။ အရှေ့အလယ်ပိုင်းဒေသမှာ ပြသနေတဲ့ မျက်စိကျလောက်တဲ့ ခြေစွမ်းတွေကြောင့် အခုလို နိုင်ငံတကာအဆင့် ရွေးချယ်ခံရတာဖြစ်ပါတယ်။
သူ့ဂန္ထဝင်ဖခင်ကြီးရဲ့ အောင်မြင်မှုတွေကြောင့် ရော်နယ်ဒို ဂျူနီယာအနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကို ရှောင်ဖယ်ချင်ခဲ့ရင်တောင် ခွင့်လွှတ်ပေးလို့ရပါတယ်။ သူဟာ အမြဲတမ်း အထင်ရှားဆုံး ခြေရာတွေကို လိုက်နင်းနေရမှာဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့ နှိုင်းယှဉ်မှုတွေနဲ့လည်း ကြုံတွေ့နေရမှာပါ။ ဒါပေမဲ့ အသက် ၁၅ နှစ်အရွယ် ကစားသမားလေးကတော့ သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းဖို့ အသင့်ဖြစ်နေပါပြီ။
ပေါ်တူဂီမှာ ခရစ္စတီယာနင်ညို လို့ လူသိများတဲ့ ဒီလူငယ်လေးဟာ လာမယ့် ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံထားရတဲ့ ကစားသမား ၂၂ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ ယူ-၁၆ ပြိုင်ပွဲအဖြစ် ကျင်းပမယ့် အဲ့ဒီပြိုင်ပွဲကို အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ တူရကီနိုင်ငံ၊ အန်တယ်ယာမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒို ဂျူနီယာ ပါဝင်ကစားမယ့် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။
သူဟာ ပေါ်တူဂီ ယူ-၁၅ အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီးနောက် ခရိုအေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဗလတ်ကို မာကိုဗစ် ပြိုင်ပွဲမှာ နိုင်ငံတကာပွဲဦးထွက် ကစားခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ သူဟာ အိမ်ရှင်နိုင်ငံနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ခရစ္စတီယာနင်ညိုဟာ အတောက်ပဆုံး မီးမောင်းတွေအောက်မှာ ကစားရတာကို သဘောကျနေပုံပါပဲ။
ခရိုအေးရှားမှာတုန်းက သူ ပေါ်တူဂီအသင်းအတွက် ဘယ်တောင်ပံနေရာမှာ ကစားခဲ့ပါတယ်။ အဲ့ဒီနေရာဟာ သူ့အဖေ စပို့တင်းနဲ့ ယူနိုက်တက်အသင်းတွေမှာ ကစားခဲ့တဲ့ နေရာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့မြင်ဖူးသမျှ အကြီးကျယ်ဆုံး ဂိုးသွင်းရှင်အဖြစ် ပြောင်းလဲသွားခဲ့တာပါ။
ရော်နယ်ဒို ဂျူနီယာဟာ နံပါတ် ၇ ဂျာစီကိုလည်း ဝတ်ဆင်ခဲ့ပါတယ်။ သူ့အဖေကလည်း ယူနိုက်တက်၊ ရီးရဲလ် မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ အယ်လ်နာဆာ အသင်းတွေမှာ ကစားခဲ့တဲ့ ကာလတွေတစ်လျှောက် ဒီဂျာစီကို ထူးထူးခြားခြား ဝတ်ဆင်ခဲ့သလို ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း ၂၂၅ ပွဲ ကစားပြီး ၁၄၃ ဂိုး သွင်းယူခဲ့ချိန်မှာလည်း ဒီဂျာစီကို ပုံမှန်ဝတ်ဆင်ခဲ့တာပါ။
ခရစ္စတီယာနင်ညိုဟာ သူ့အဖေနောက်ကို ကမ္ဘာပတ်ပြီး လိုက်ခဲ့ရပြီး ဂျူဗင်တပ်စ်နဲ့ အယ်လ်နာဆာ အသင်းတွေရဲ့ အကယ်ဒမီစနစ်တွေမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ တစ်ချိန်က ပရီးမီးယားလိဂ်ထိပ်သီး ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် လူငယ်အသင်းမှာ ဝိန်း ရွန်းနီရဲ့သား ကိုင်နဲ့လည်း အတူတွဲ ကစားခဲ့ဖူးပါတယ်။ အဲ့ဒီ အလားအလာအရှိဆုံး လူငယ်လေးနှစ်ယောက်လုံးအပေါ်မှာ မျှော်လင့်ချက်အကြီးကြီး ထားနေကြပါတယ်။
ရော်နယ်ဒို ကတော့ သူ့ရဲ့သားအကြီးဆုံးအပေါ် ဖိအားတွေ အများကြီး မပေးမိအောင် ကြိုးစားနေပြီး သားဖြစ်သူအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်အမှားတွေကနေ သင်ယူပြီး အောင်မြင်လိုစိတ်ကို သဘာဝအတိုင်း မွေးမြူနိုင်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုက "သူက ကလေးကောင်းတစ်ယောက်ပါ။ တခြားအိမ်က ကလေးသေးသေးလေးတွေက ပိုဆိုးတယ်။ သူကတော့ ပြဿနာမရှိပါဘူး။ ကျွန်တော် သူ့အရွယ်တုန်းကဆိုရင် သူက ကျွန်တော့်ထက် နည်းနည်း ပိုကြီးပြီး ပိုသန်မာတယ်။ ကျွန်တော်က ပိုသေးတယ်။ သူ ကျွန်တော့်ထက် ပိုကြီးလာမယ်လို့ ထင်တယ်။ သူ့မှာ အောင်မြင်လိုစိတ် ဆောလောက်မှု ရှိမရှိ စောင့်ကြည့်ရမှာပေါ့။ အဲ့ဒီ အောင်မြင်လိုစိတ်က အခက်ခဲဆုံးပဲ" လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းဖော်ဟောင်း ရီယို ဖာဒီနန်နဲ့ ဆွေးနွေးမှုတစ်ခုမှာလည်း "အခုအချိန်မှာတော့ သူက ဘောလုံးသမားတစ်ယောက် ဖြစ်ချင်နေတယ်။ ဒါပေမဲ့ ကျွန်တော် ဖိအားအကြီးကြီး မပေးပါဘူး၊ နည်းနည်းလေးပဲ ပေးတယ်။ ရော်နယ်ဒိုရဲ့ သားဖြစ်နေရခြင်းအတွက် သူ့မှာ ဖိအားတွေ ရှိနေပြီးသားပါ။ သူ့ရဲ့ ကိုယ်ပိုင်အမှားတွေကို လုပ်ပါစေ၊ ဒါပေမဲ့ အနာဂတ်မှာ သူ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်လာဖို့တော့ မျှော်လင့်ပါတယ်။ သူသာ ကစားသမားတစ်ယောက် မဖြစ်လာခဲ့ရင်လည်း တခြားအလုပ်တစ်ခုခုပေါ့၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို အမြဲတမ်း ထောက်ပံ့ပေးနေမှာပါ။ ကျွန်တော်တို့က နာမည်ကြီးနေလို့ဆိုပြီး သားတွေအပေါ် ဖိအားတွေ သွားပုံလို့မရဘူး" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘောလွန်းဒီအော် ငါးကြိမ်ဆုရှင် ရော်နယ်ဒိုဟာ တစ်ချိန်ချိန်မှာ သူ့သားနဲ့အတူ တွဲကစားရနိုင်ခြေကို ပယ်ချထားခြင်းမရှိပါဘူး။ သူဟာ အခု အသက် ၄၀ အရွယ် ရှိနေပြီဖြစ်ပေမယ့် အယ်လ်နာဆာအသင်းနဲ့ နောက်ထပ် နှစ်နှစ် စာချုပ်သစ် ချုပ်ဆိုထားတာကြောင့် ဂျူနီယာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ကစားမယ့် ပွဲစဉ်မှာ သူကိုယ်တိုင် ပါဝင်ကစားခွင့်ရဖို့ အခြေအနေကောင်းတွေ ရှိနေပါတယ်။
ရော်နယ်ဒိုက "ကျွန်တော် သဘောကျမှာပါ၊ တကယ် သဘောကျမှာပါ။ ဒါက ကျွန်တော့်ကို ညအိပ်မပျော်စေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဖြစ်စေချင်ပါတယ်။ စောင့်ကြည့်ကြတာပေါ့။ ဒါက ကျွန်တော့်လက်ထဲမှာထက် သူ့လက်ထဲမှာ ပိုမူတည်ပါတယ်။ နှစ်တွေက တဖြည်းဖြည်း ကုန်ဆုံးလာပြီ ကျွန်တော်ဆိုတာကလည်း တစ်နေ့နေ့မှာ ဘောလုံးလောကကနေ ထွက်ခွာရမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော် သက်တမ်းတိုးနေတဲ့ နှစ်တွေက တစ်ချိန်ချိန်မှာ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်လာမှာမို့လို့ပါ။ ရုပ်ပိုင်းဆိုင်ရာအရတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရပါပဲ"
"ဒါပေမဲ့ ဒါကို စွဲလမ်းမှုတစ်ခုအနေနဲ့လည်း ကျွန်တော် မမြင်ပါဘူး။ သူက သူ့လမ်း၊ သူ့ခရီးကို လျှောက်လှမ်းသွားမှာပါ။ ကျွန်တော်က ဂုဏ်ယူရတဲ့ ဖခင်တစ်ယောက် ဖြစ်နေမှာပါ၊ သူ ဘာပဲလုပ်ချင်လုပ်ချင် ကျွန်တော် ဂုဏ်ယူနေမှာပါ။ သူသာ ဘောလုံးကစားသမားဖြစ်လာရင် ထိပ်တန်း ပဲပေါ့။ မဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့ ကြိုးစားခဲ့ကြတာပဲ။ အနည်းဆုံးတော့ သူ့အဖေက ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ ဒါကလည်း ပြဿနာတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။