The network connection is lost.

Banner Image

ရီးရဲလ်မှာ မိမိဆက်ရှိနေဖို့ ရော်နယ်ဒိုက လစာအစိတ်အပိုင်းအဖြစ် စိုက်ထုတ်ပေးခဲ့ကြောင်း ပီပီ ဝန်ခံပြောကြား

ရီးရဲလ်နောက်ခံလူဟောင်း ပီပီက ရော်နယ်ဒိုဟာ မိမိရီးရဲလ်မှာ ဆက်နေဖို့ လစာအစိတ်အပိုင်းတစ်ချို့စိုက်ထုတ်ပေးခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ရော်နယ်ဒို နဲ့ ပီပီတို့ဟာ ရီးရဲလ်အသင်းမှာ အတူတူဖြတ်သန်းခဲ့သလို စပို့တင်းအကယ်ဒမီမှာလည်း ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသား ၂ ဦးဟာ ရီးရဲလ်အသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါးအတူတူဖြတ်သန်းခဲ့တာဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့သလို မချိုးဖျက်နိုင်တဲ့စံချိန်တွေလည်း တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီပီဟာ ရီးရဲလ်အသင်းမှာ ရာမို့စ်နဲ့အတူ အကောင်းဆုံးခံစစ်အတွဲအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ဒဏ်ရာရပြီးနောက် ရီးရဲလ်ကနေ အလွတ်နဲ့ထွက်ခွာပြီး ဘက်ဆစ်တက်ခ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရီးရဲလ်အသင်းက ပီပီကိုစာချုပ်သစ်မကမ်းလှမ်းချိန်မှာ ရော်နယ်ဒိုက နိုင်ငံအသင်းဖော်ဖြစ်သူ အသင်းမှာဆက်ရှိနေအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ ပီပီက ရော်နယ်ဒိုလုပ်ဆောင်ပေးခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော် သူနဲ့စကားအများကြီးပြောဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ရီးရဲလ်အသင်းမှာဆက်နေဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာရှိရမယ့် ကျွန်တော့်အချိန်က တော်တော်လေးများနေခဲ့ပါပြီ။ကျွန်တော် ဒီအသင်းအတွက် အချိန်တော်တော်များများပေးခဲ့ပြီးပါပြီ။ သူ့ကို ဒီမှာအခက်အခဲတွေကြောင့် ဆက်နေဖို့ မဖြစ်နိုင်ကြောင်း ရှင်းပြဖို့ လုပ်ခဲ့ပါတယ်။ 

အဲ့အချိန်မှာ သူက ငွေကြောင့်ဆိုရင် သူ့ငွေထဲကနေ စိုက်ပေးနိုင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်က ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ။ ငွေကြောင့်မဟုတ်ပဲ အခြားအကြောင်းအရာတွေကြောင့်ပါ။ ကျွန်တော် ဘောလုံးကန်ရတဲ့ခံစားချက်ကို လိုချင်ခဲ့တာပါ။ အဲ့တာပါပဲ။ ကျွန်တော် တူရကီကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပီပီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပီပီက ဗလန်စီယာနဲ့ပွဲမှာ ခေါင်းဒဏ်ရာရခဲ့ပြီးနောက် ရော်နယ်ဒိုက ဆေးရုံမှာ တစ်ညလုံး အချိန်ကုန်ဆုံးပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ ပီပီတို့ရဲ့ဆက်ဆံရေးအခြေအနေက ကွင်းအတွင်းကော ကွင်းပြင်ပမှာပါ အရမ်းကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ မှာ ပီပီတစ်ယောက် ကစားသမားဘဝကနေ အနားယူခဲ့ပေမယ့် ရော်နယ်ဒိုကတော့ အယ်လ်နာဆာအသင်းမှာ ဆက်ကစားနေဆဲဖြစ်ပါတယ်။