
The network connection is lost.

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်နဲ့ အဆင်မပြေဖြစ်နေတဲ့ တောင်ပံကစားသမား ဆန်ချိုဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာဖွယ်ရှိနေသလို ရိုးမားနည်းပြမော်ရင်ဟိုကလည်း ကစားသမားကို ခေါ်ယူနိုင်ရေး စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ယူနိုက်တက်အသင်း တာဝန်ရှိသူတွေအနေဖြင့် ဆန်ချိုရဲ့လတ်တလောပြဿနာအပေါ် ညှိနှိုင်းဖြေရှင်းပေးဖို့ စိတ်ကူးမရှိတော့ဘဲ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားကို လက်လွှတ်လိုက်ဖို့ ပြင်ဆင်ထားဖွယ်ရှိပါတယ်။ ယူနိုက်တက်ကစားသမားတွေက ဆန်ချိုကို နည်းပြအားတောင်းပန်ဖို့ တိုက်တွန်းနေချိန်မှာပဲ တန်ဟက်ကတော့ စီနီယာအသင်းနဲ့သက်ဆိုင်တဲ့ ဧရိယာတွေဆီ အင်္ဂလန်တောင်ပံကစားသမားကို မဝင်ရောက်စေဖို့ ပိတ်ပင်တားမြစ်လိုက်ပါတယ်။
ဆန်ချိုရဲ့ လက်ရွေးစင်အဆင့်နဲ့ ကလပ်အသင်းအဆင့် အသင်းဖော်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဟယ်ရီမက်ဂွါရီနဲ့ လုခ်ရှောတို့က အခုပြဿနာကို အမြန်ဆုံးပြေလည်စေဖို့ ဆန္ဒရှိနေပြီး ဆန်ချိုအနေဖြင့် အလျှော့ပေးသွားဖို့ တိုက်တွန်းနေပါတယ်။ နည်းပြတန်ဟက်ကလည်း ကစားသမားရဲ့လက်ရှိအခြေအနေက အသင်းရဲ့အဝတ်လဲခန်းစည်းလုံးမှုကို ထိခိုက်စေနိုင်လို့အခုပြဿနာအပေါ် ရှောင်ရှားလိုတဲ့ဆန္ဒရှိနေတယ်လို့ ယူဆရပါတယ်။
ကစားသမားနဲ့ နည်းပြအကြား အငြင်းပွားမှုတွေ လူသိရှင်ကြားဖြစ်လာခဲ့ပြီးနောက် တန်ဟက်က ဆန်ချိုကို စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းခွင့်ပိတ်ပင်ခဲ့သလို ဘရိုက်တန်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှစတင်ကာ အသင်းလူစာရင်းမှ ချန်လှပ်ထားခဲ့ပါတယ်။ ဆန်ချိုက အခုသီတင်းပတ်အတွင်း ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလား ပွဲစဉ်မှာလည်း ယူနိုက်တက်အတွက် ပါဝင်ကစားနိုင်ဖွယ် မရှိပါဘူး။ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်ခင် ကြားကာလမှာ အခုပြဿနာကို ပြေလည်အောင် နှစ်ဦးနှစ်ဖက်မလုပ်ဆောင်နိုင်ပါက ဆန်ချိုက အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားဖွယ် ရှိနေပြန်ပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ရိုးမားနည်းပြမော်ရင်ဟိုက ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ကစားသမားနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူလိုနေပေမယ့် ရိုးမားအသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် အပြောင်းအရွှေ့တရားဝင်ဖြစ်ပေါ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။
စီးရီးအေကလပ်က ပြီးခဲတဲ့နွေရာသီကာလအတွင်း ချဲလ်ဆီးမှာ အဆင်မပြေဖြစ်နေတဲ့ လူကာကူကို ရောမမြေဆီ အငှားခေါ်ယူထားခဲ့ပါတယ်။ လတ်တလောမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးက ရိုးမားနဲ့အတူ အဆင်ပြေတဲ့ကစားသမားဘဝ ပြန်လည်ရရှိနေပါပြီ။
တစ်ဖက်မှာလည်း စီးရီးအေရဲ့လုပ်ခလစာပေးချေရမှုအများဆုံးကလပ်အသင်းတွေအနက် တစ်သင်းဖြစ်တဲ့ ရိုးမားက ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်ထားသလို ဘဏ္ဍာရေးအကျပ်အတည်းနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဆန်ချိုက ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာအများဆုံးကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်လို့ ရိုးမားဘက်က ကစားသမားအတွက် မြင့်မားလှတဲ့ လုပ်ခလစာပမာဏမျိုး ပေးချေနိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ယူနိုက်တက်အသင်းဘက်ကတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို အပြီးသတ်ရောင်းချသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း လုပ်ခလစာပေးချေရမှုကို ရှောင်လွှဲလိုတာကြောင့် အငှားဖြင့်ကမ်းလှမ်းလာမှုတွေကိုလည်း စိတ်ဝင်စားဖို့ ရှိနေပါတယ်။