ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်တာဝန်နဲ့ပတ်သက်လို့ မော်ရင်ဟိုရဲ့အစီအစဉ် အတည်ပြုနိုင်ခဲ့
ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဟိုဆေးမော်ရင်ဟိုက လာမယ့်ဘောလုံးရာသီသစ်အတွက် သူ့အသင်းရဲ့ကပ္ပတိန် ဘယ်သူဖြစ်လာမလဲဆိုတာ ဆုံးဖြတ်လိုက်ပါပြီ။
ပေါ်တူဂီလူမျိုးနည်းပြကြီးက ဗယ်လ်ဗာဒီကို အသင်းခေါင်းဆောင်တာဝန်မှ ဖယ်ရှားသွားဖို့ အစီအစဉ် လုံး၀မရှိဘူးဆိုတဲ့ အတည်ပြုချက် ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရိသတ်တွေနဲ့ သတင်းမီဒီယာတွေမှာ ဗယ်လ်ဗာဒီရဲ့ ဦးဆောင်နိုင်မှုအရည်အချင်းအပေါ် ဝေဖန်သံတွေ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် ကွင်းလယ်ကစားသမားချူအာမန်နီနဲ့ အဆင်မပြေမှုမှတဆင့် လေ့ကျင့်ရေးကွင်းအတွင်း ရန်ဖြစ်ခဲ့ကြပြီးနောက် ဗယ်လ်ဗာဒီ ဆေးရုံတက်လိုက်ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်ကြောင့်ပဲ အသက် ၂၇ နှစ်အရွယ်ဗယ်လ်ဗာဒီက အသင်းကပ္ပတိန်လက်ပတ် စွန့်လွှတ်ကာ အသင်းမှထွက်ခွာရနိုင်တယ်ဆိုတဲ့ သတင်းတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူတွေက ဗယ်လ်ဗာဒီကိုရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ အစောပိုင်းမှာတင် ဆုံးဖြတ်ခဲ့သလို အခုတော့ သူ့ရဲ့အသင်းခေါင်းဆောင်ရာထူးကိုလည်း မဖယ်ရှားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
Marca သတင်းစာရဲ့ ဖော်ပြချက်အရ "မော်ရင်ဟိုက ဗယ်လ်ဗာဒီကို အသင်းခေါင်းဆောင် ရာထူးမှ ဖယ်ရှားဖို့ စိတ်ကူးမရှိသလို အသင်းမှထွက်ခွာစေဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်ပါဘူး။ ဗယ်လ်ဗာဒီက သူ့ရဲ့အသင်းခေါင်းဆောင်ဖြစ်လာပြီး နည်းပြရဲ့စီမံကိန်းမှာလည်း အရေးအပါဆုံးကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်"လို့ သိရပါတယ်။