
ဆော်ဒီမှထွက်ခွာကာ အိမ်ပြန်ဖို့ လမ်းစရှာနေတဲ့ အယ်လ်အာလီကြယ်ပွင့်ဖာမီနို
လက်ရှိစာချုပ်ဖျက်သိမ်းဖို့အတွက် သဘောတူညီမှုတစ်ခုကို ဆော်ဒီပရိုလိဂ်ကလပ်အသင်းဥက္ကဌကိုယ်တိုင် အတည်ပြုပေးလာမှုနဲ့အတူ လာမယ့်နွေရာသီမှာ အယ်လ်အာလီမှ ရော်ဘတ်တိုဖာမီနို ထွက်ခွာသွားပါလိမ့်မယ်။ ဖာမီနိုက အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အယ်လ်အာလီအသင်း အောင်မြင်မှုရရှိအောင် ကူညီပေးခဲ့ပေမယ့် အခုနှစ်ဆန်းပိုင်း၊ ဆော်ဒီပရိုလိဂ်ဒုတိယရာသီဝက်အတွက် အသင်းလူစာရင်းမှတ်ပုံတင်မှုမှာ သူ့ကိုမထည့်သွင်းဖို့ ရွေးချယ်ခဲ့ချိန်မှစပြီး ကလပ်အသင်းမှာ ဘရာဇီးသားရဲ့အနာဂတ် ဝေဝါးလာခဲ့ပါတယ်။
ဖာမီနိုရဲ့စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပေမယ့် အယ်လ်အာလီကလပ်အသင်းဥက္ကဌ ခါလတ်အယ်လ်ဂမ်ဒီက အရှေ့အလယ်ပိုင်းဒေသမှာ နှစ်နှစ်ကြာဖြတ်သန်းခဲ့တဲ့ အသက်-၃၃ နှစ်အရွယ်ကစားသမားကို အသင်းမှထွက်ခွာခွင့်ပေးရေး နှစ်ဖက်သဘောတူညီမှုတစ်ခု ရရှိထားပြီးပြီလို့ ဆော်ဒီပြည်တွင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။
လီဗာပူးတိုက်စစ်မှူးဟောင်းက ပရိုလိဂ်မှာ မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ပေမယ့် အာရှဖလားပြိုင်ပွဲမှာတော့ အယ်လ်အာလီအသင်းအတွက် ခြောက်ဂိုးသွင်း၊ ခုနစ်ကြိမ်ဂိုးဖန်တီးပေးကာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူက ကာဝါဆာကိကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အာရှချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
လတ်တလောမှာ ဖာမီနိုကိုယ်တိုင် အသင်းသစ်ရှာဖွေနေပြီဖြစ်သလို သတင်းထောက် Ben Jacobs ရဲ့အဆိုအရ ဖလာမင်ဂိုရဲ့စိတ်ဝင်စားမှုနဲ့အတူ မွေးရပ်မြေဆီ ဘရာဇီးတိုက်စစ်မှူး ပြန်ရောက်ရှိသွားနိုင်တယ်လို့ သိရပါတယ်။