The network connection is lost.

Banner Image

ဘာစီလိုနာမှထွက်ခွာဖို့ရှိ၊မရှိ မေးမြန်းမှုတွေအပေါ် ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့တဲ့ လီဝန်ဒေါစကီး

အခုနွေရာသီ၊ အသင်းမှထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလတွေကို ပြတ်ပြတ်သားသားတုံ့ပြန်ပေးဖို့ ဘာစီလိုနာကြယ်ပွင့်လီဝန်ဒေါစကီးဆီ တောင်းဆိုမှုတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အသက်-၃၆ နှစ်အရွယ်လီဝန်ဒေါစကီးက ကာတာလိုနီးယားဒေသမှာ သုံးရာသီကြာဖြတ်သန်းခဲ့ပြီး ၁၄၇ ပွဲကစား၊ ၁၀၁ ဂိုးအထိသွင်းယူကာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသခဲ့ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာလည်း သူက လာလီဂါသွင်းဂိုး ၂၇ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပီချီချီဆုပြေးလမ်းမှာ အမ်ဘာပေကို ပွတ်ကာသီကာဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အခုလိုသွင်းဂိုးတွေနဲ့အတူ ပြတ်သားတဲ့စွမ်းဆောင်ရည်မျိုးပြသထားပေမယ့် လာမယ့်သြဂုတ်လအတွင်း အသက်-၃၇ နှစ်ပြည့်မြောက်တော့မယ့် လီဝန်ဒေါစကီးရဲ့အနာဂတ်အတွက် ကောလာဟလတွေလည်း ထွက်ပေါ်လာနေပါတယ်။

နွေရာသီအားလပ်ရက်ကာလအတွင်း ဂျာမန်အခြေစိုက် Bild မဂ္ဂဇင်းနဲ့ အင်တာဗျူးအစီအစဉ်မှာ လီဝန်ဒေါစကီးက ဘာစီလိုနာအတွက်သာ အပြည့်အဝအာရုံစိုက်ထားပြီး အသင်းမှထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက “ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ဆုဖလား ၃၀ ကျော် ဆွတ်ခူးထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်က နောက်ထပ်ဆုဖလားတွေ ထပ်မံဆွတ်ခူးနိုင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်။

ဒါက ကျွန်တော့်အတွက် ပြဿနာတစ်ရပ် မဟုတ်ပါဘူး။ လာမယ့်ဘောလုံးရာသီ၊ ဘာစီလိုနာအသင်းမှာပဲ ကျွန်တော်ဆက်ရှိနေပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်တော့်ရဲ့စိတ်က ဘာစီလိုနာအတွက်ပဲ ရှိပါတယ်။ ကျွန်တော်တို့အသင်းက လာမယ့်ဘောလုံးရာသီမှာ ပိုပြီးတော့တောင် ကောင်းမွန်နေပါလိမ့်မယ်”လို့ ပြောပါတယ်။

လီဝန်ဒေါစကီးရဲ့ဘာစီလိုနာနဲ့စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့လက်ရှိစွမ်းဆောင်ရည်ကိုသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင် နှစ်ဖက်စလုံးမှ နောက်ထပ် ၁၂ လတာ စာချုပ်သက်တမ်းတိုးခွင့်ကို ရွေးချယ်သွားကြပါလိမ့်မယ်။ ဘာစီလိုနာအသင်းဘက်ကလည်း အခုလိုအားလပ်ရက်ကာလအတွင်း လီဝန်ဒေါစကီးရဲ့အခြေအနေကို ထိပ်တန်းအဆင့်ဆီ ပြန်လည်ရောက်ရှိလာအောင် လုပ်ပေးသွားဖို့ အနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။ 

ဝါရင့်တိုက်စစ်မှူးကိုယ်တိုင်လည်း ပြီးဆုံးသွားခဲ့တဲ့ဘောလုံးရာသီအတွင်း ပင်ပန်းနွမ်းလျမှုတွေကြောင့် ဇွန်လအတွင်းမှာကစားမယ့် ပိုလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ပါတယ်။ လီဝန်ဒေါစကီးက “ ကလပ်အသင်းဘောလုံးရာသီရဲ့ပြင်းထန်မှုနဲ့ လတ်တလောအခြေအနေတွေကြောင့် နည်းပြနဲ့ ကျွန်တော်တိုင်ပင်ပြီး ပိုလန်အသင်းရဲ့ဇွန်လစခန်းသွင်းလေ့ကျင့်မှုအစီအစဉ်မှ ကျွန်တော်နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ပိုလန်လက်ရွေးစင်အသင်းရဲ့ ဇွန်လပွဲစဉ်နှစ်ခုအနက် တစ်ပွဲမှာ ဖင်လန်နဲ့ရင်ဆိုင်ရမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်နေလို့ လီဝန်ဒေါစကီးရဲ့ဆုံးဖြတ်ချက်အပေါ် ပိုလန်နိုင်ငံအတွင်းမှာလည်း ဝေဖန်သံအချို့ထွက်ပေါ်လာခဲ့ပါတယ်။