ပရိသတ်တွေကို ခရစ္စမတ်လက်ဆောင်မပေးနိုင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မူစီယာလာ
ဘိုင်ယန်မြူးနစ်စတား မူစီယာလာက မိမိအနေနဲ့ အသင်းပရိသတ်တွေကို ခရစ္စမတ်လက်ဆောင်မပေးနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အသက် ၂၁ နှစ်သားဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။
တကယ်လို့ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် မူစီယာလာဟာ ကိန်း နဲ့ လီဝန်ဒေါစကီးတို့ကိုကျော်ဖြတ်ပြီး ဘိုင်ယန်သမိုင်းတစ်လျှောက်လုပ်ခလစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ ဂျာမန်သတင်းဌာန BILD နဲ့အင်တာဗျူးမှာ မူစီယာလာက စာချုပ်အနေအထားနဲ့ပတ်သက်ပြီး “ကံမကောင်းစွာနဲ့ ကျွန်တော်ပရိသတ်တွေကို ခရစ္စမတ်လက်ဆောင်မပေးနိုင်တော့ပါဘူး။ အနာဂတ်နဲ့ပတ်သက်လို့ ဘာသတင်းမှမရှိပါဘူး။
ကျွန်တော်တို့ မကြာသေးခင်က ပွဲအများကြီးကန်ခဲ့ရပါတယ်။ ပြီးတော့ ခရီးတွေအများကြီးသွားခဲ့ရပါတယ်။ ကျွန်တော်ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော် ကွင်းထဲမှာ လွတ်လွတ်လပ်လပ်ဖြစ်ချင်ပါတယ်။ အပြင်ဘက်က ဖိအားတွေကိုမယူချင်ပါဘူး။ ကျွန်တော် ဘိုင်ယန်အသင်းနဲ့အတူ ခေတ်တစ်ခေတ်ထူထောင်ချင်ပါတယ်။ တကယ်လို့ ကျွန်တော်အသင်းနဲ့စာချုပ်သက်တမ်းတိုးဖြစ်မယ်ဆိုရင် အဲ့တာက ကျွန်တော့်ရည်မှန်းချက်နဲ့ ကျွန်တော့်ပစ်မှတ်ပါ။
ဒါပေမယ့် အဲ့အတွက် ခင်ဗျားအလုပ်လုပ်ရဦးမယ်ဆိုတာ သိပါတယ်။ နိုင်ပွဲတွေ ၊ ဆုဖလားတွေ နဲ့ အဓိကဖလားတွေ လိုအပ်ပါတယ်။ အဲ့နောက် ခင်ဗျားဒီလိုဆုတွေရလာမှာပါ။ ကျွန်တော်အဲ့တာတွေကို ဘိုင်ယန်နဲ့အတူရယူချင်ပါတယ်”လို့ မူစီယာလာက ဖြေကြားခဲ့ပါတယ်။ သတင်းတွေအရ မန်စီးတီးအသင်းဟာ မူစီယာလာကို ဒီဘရိုင်းနေရာအတွက် ပစ်မှတ်ထားနေသလို မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းကလည်း ချိတ်ဆက်နေပါတယ်။
ဒါပေမယ့် စီးတီးအနေနဲ့ ဂျာမန်သားကိုခေါ်ယူဖို့ရီးရဲလ်အသင်းနဲ့အားပြိုင်ရဖွယ်ရှိနေပါတယ်။ မူစီယာလာရဲ့စွမ်းဆောင်ရည်ဟာ တိုးတက်လာနေပြီး ဂျာမန်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုမဲပေးမှုမှာ ၅၆% အထိရှိနေပြီး လေဗာကူဆင်စတား ဝီရက်ဇ်က ၃၈% နဲ့ အာဆင်နယ်စတား ကိုင်က ၆% သာရှိနေပါတယ်။
ဘိုင်ယန်ဟာ လာမယ့်သောကြာနေ့မှာ လိုက်ပ်ဇစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဒီရာသီမူစီယာလာဟာ ဘိုင်ယန်အတွက် လိဂ်ပွဲ ၁၂ ပွဲမှာ ၈ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။