
ဒဏ်ရာပြဿနာမှ သက်သာလာတာကြောင့် လီဗန်တေးနဲ့ပွဲမှာပါဝင်ကစားမယ့် လီဝန်ဒေါစကီး
ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ ဒဏ်ရာပြဿနာကြောင့် မာယော့ကာကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် ယခုအခါမှာတော့ သက်သာနေပြီဖြစ်တာကြောင့် လေ့ကျင့်ခန်းပြန်ဆင်းနေပြီး လာမယ့်တနင်္ဂနွေနေ့ လီဗန်တေးနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်မယ်လို့သိရပါတယ်။
ပိုလန်သားအနေနဲ့ ဒဏ်ရာပြဿနာကြောင့် ၃ ပတ်ခန့်အထိ အနားယူရမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် လျင်လျင်မြန်မြန်သက်သာလာတာကြောင့် ထင်ထားတာထက်စောပြီး ပြန်လည်ကစားလာနိုင်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ယခုတစ်ပတ်အတွင်း ဘာစီလိုနာနာနဲ့လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာမယ်လို့ Diario AS သတင်းဌာနက အသိပေးထားပါတယ်။
သို့သော်လည်း လီဝန်ဒေါစကီးအနေနဲ့ ကြံ့ခိုင်မှုပြည်လည်တည်ဆောက်ဖို့လိုအပ်နေဦးမှာဖြစ်လို့ လီဗန်တေးနဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာပါဝင်လာဖို့ရှိပြီး ပွဲထွက်လူစာရင်းမှာတော့ မာယော့ကာနဲ့ပွဲမှာ သွင်းဂိုးရယူနိုင်ခဲ့တဲ့ ဖာရန်းတောရက်စ်က ဆက်လက်ပါဝင်လာဖွယ်ရှိပါတယ်။ ဖာရန်းတောရက်စ်သာမက လက်ရှိဘာစီလိုနာတိုက်စစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်းရှိနေသေးတာကြောင့် လီဝန်ဒေါစကီးအနေနဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း နေရာအတွက် တိုက်ပွဲဝင်သွားရဖွယ်ရှိပါတယ်။
ဝါရင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာတော့ ဘာစီလိုနာအတွက်ပြိုင်ပွဲစုံ ၄၂ ဂိုးအထိသွင်းယူပြီး အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်ကြောင်း သက်သေပြသထားပြီးဖြစ်ပါတယ်။ တနင်္ဂနွေနေ့ လာလီဂါပွဲစဉ်အဖြစ် လီဗန်တေးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ပြီးပါက ဘာစီလိုနာအနေနဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ တတိမြောက်လာလီဂါပွဲစဉ်အဖြစ် ဗယ်လီကာနိုကိုလည်း အဝေးကွင်းမှာပဲ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။