
အာဆင်နယ်သို့ပြောင်းရွှေ့နိုင်ဖို့ လစာ ယူရို ၂ သန်းအထိ အဆုံးရှုံးခံသွားမယ့် ဂျိုကာရက်စ်
စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ်ဟာ အသင်းမှထွက်ခွာပြီး အာဆင်နယ်နဲ့ချိတ်ဆက်ဖို့ စိတ်အားထက်သန်နေတာကြောင့် ယခုအခါမှာတော့ သူ့ရဲ့လစာထဲမှာ ယူရို ၂ သန်းအထိ အဆုံးရှုံးခံပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ တွန်းအားပေးသွားမယ်လို့သိရပါတယ်။
အာဆင်နယ်အနေနဲ့လည်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဂျိုကာရက်စ်ကို ကာလရှည်ချိတ်ဆက်နေပေမယ့် အခုချိန်အထိ သဘောတူညီမှုမရသေးတာကြောင့် တစ်ဖက်မှာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စခိုကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေတာဖြစ်ပါတယ်။ ဂျိုကာရက်စ်ဟာ ယခုနွေရာသီအတွင်းမှာပဲ စပို့တင်းနဲ့လမ်းခွဲနိုင်ဖို့ မျှော်လင့်ထားတာကြောင့် အသင်းရဲ့ရာသီကြိုအစီအစဉ်တွေမှာ ပါဝင်ဖို့ ငြင်းဆိုထားတယ်လို့သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ဆွီဒင်လက်ရွေးစင်ဟာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့အတွက် သူ့ရဲ့လစာထဲမှာ ယူရို ၂ သန်းကို အဆုံးရှုံးခံပြီး ကလပ်နှစ်ခုအကြား ဆွေးနွေးညှိနှိုင်းမှုတွေ အမြန်ဆုံးသဘောတူညီမှုရရှိဖို့ တွန်းအားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဂျိုကာရက်စ်ကိုခေါ်ယူဖို့ စပို့တင်းနဲ့ ကာလရှည်ဆွေးနွေးညှိနှိုင်းနေခဲ့ပေမယ့် စပို့တင်းဘက်က ကစားသမားအတွက် ယူရိုသန်း ၈၀ အထိတောင်းဆိုထားတာကြောင့် သဘောတူညီမှုမရရှိသေးပါဘူး။
ယခုအခါမှာတော့ ဂျိုကာရက်စ်ကပါ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အနစ်နာခံမှုတွေပြုလုပ်လာတာကြောင့် မကြာမီမှာပဲ သဘောတူညီမှုရရှိမယ်လို့ မျှော်လင့်ရပါတယ်။ ကိုဗင်ထရီမှ ပြောင်းရွှေ့လာခဲ့တဲ့ ဂျိုကာရက်စ်ဟာ စပို့တင်းအတွက် ၂ ရာသီအတွင်း ၆၆ ပွဲကစားခဲ့ပြီး ၆၈ ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွီဒင်သားဟာ ချန်ပီယံလိဂ် ၈ ပွဲကစားခဲ့ရာမှာ ၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် စပို့တင်းအနေနဲ့ အဖိုးတန်တိုက်စစ်မှူးကို အသင်းမှလွယ်လွယ်ကူကူထွက်ခွာခွင့်ပေးဖို့ တွန့်ဆုတ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေအရတော့ ဆွေးနွေးညှိနှိုင်းမှုတွေက အပြုသဘောဆောင်နေတာကြောင့် ဂျိုကာရက်စ်အနေနဲ့ အင်္ဂလန်မြေသို့ပြန်လာနိုင်ဖို့ အလားအလာများနေပြီး အာဆင်နယ်နဲ့ ရာသီကြိုကာလမှာပဲ ပူးပေါင်းသွားနိုင်ချေရှိပါတယ်။
အာဆင်နယ်ဟာ ရာသီကြိုခရီးစဉ်ကို အာရှသို့သွားရောက်ဖို့ရွေးချယ်ထားပြီး အေစီမီလန်၊ နယူးကာဆယ်၊ တော့တင်ဟမ်တို့နဲ့ ခြေစမ်းပွဲစဉ်တွေကစားသွားရပါမယ်။ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ထိပ်တိုက်တွေ့ဆုံနေတာကြောင့် ဂျိုကာရက်စ်တစ်ယောက် နည်းပြဟောင်း ရူဘင်အာမိုရင်နဲ့ ထိပ်တိုက်တွေ့ဆုံသွားနိုင်ချေရှိပါတယ်။