
ထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရာမှာ အံ့ဖွယ်စံချိန်တင်ထားနိုင်တဲ့ အာဆင်နယ်
ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ထိပ်တန်းပရီးမီးယားလိဂ်အသင်းတွေနဲ့ရင်ဆိုင်ရာမှာ အံ့ဖွယ်စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်နိုင်ပွဲအပြီးမှာ အာဆင်နယ်ဟာ ထိပ်တန်းအသင်း ၆ သင်းနဲ့ရင်ဆိုင်ရာမှာ ၂၂ ပွဲဆက်မရှုံးနိမ့်အောင်ကစားထားနိုင်တဲ့စံချိန်တင်ထားနိုင်ခဲ့ပါတယ်။
မန်စီးတီးကို ၄-၁ နဲ့ အရေးနိမ့်ပြီးကတည်းက အာဆင်နယ်ဟာ ထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရာမှာ မရှုံးနိမ့်တာ ရက်ပေါင်း ၈၄၄ ရက်အထိရှိနေပြီဖြစ်ပါတယ်။ ၂၀၂၃ ဧပြီလက ညတစ်ညမှာ အာဆင်နယ်ဟာ ဆာလီဘာဒဏ်ရာရပြီးနောက် အကျပ်အတည်းဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ၂၂ ပွဲအထိ ထိပ်တန်းအသင်း ၆ သင်းနဲ့ရင်ဆိုင်ထားရာမှာ အရေးမနိမ့်ထားပဲ ၁၃ ပွဲနိုင် ၊ ၉ ပွဲသရေကန်ထားနိုင်ခဲ့ပါတယ်။
နှစ်အတော်ကြာ အာဆင်နယ်ဟာ ထိပ်တန်းအသင်းတွေနဲ့ရင်ဆိုင်ရာမှာ ဖိအားတွေများခဲ့တာဖြစ်ပြီး အခုတော့ အာတီတာလက်အောက်မှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူနိုက်တက်နဲ့နောက်ဆုံး ၆ ကြိမ်ရင်ဆိုင်ထားရာမှာ ၅ ကြိမ်အထိ အနိုင်ရရှိထားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း အာဆင်နယ်ဟာ အိုးထရက်ဖို့ဒ်မှာ ၃ ကြိမ်သာအနိုင်ရထားခဲ့ကာ အဆိုပါ ၃ ကြိမ်စလုံး အာတီတာက အရန်ခုံမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်နဲ့ပွဲမှာ တိုက်စစ်မှူးသစ် ယိုကရက်စ်ကို ထည့်သွင်းခဲ့ပေမယ့် လိဂ်အသစ်မှာအသားကျဖို့ အချိန်ယူရဦးမယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ အချက်အလက်တွေထက် ဆုဖလားအောင်မြင်မှုတွေသာ လိုချင်နေပြီး အခုရာသီမှာ ဆုဖလားတစ်လုံးလုံးရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။