The network connection is lost.

Banner Image

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ အလိုရှိနေဆဲဖြစ်ပြီး ယခုအခါမှာတော့ ဂျူဗင်တပ်စ်တိုက်စစ်ကြယ်ပွင့် ဒူဆန်ဗလာဟိုဗစ်ကိုခေါ်ယူလို့ စိတ်ဝင်စားနေပြီး လာမယ့်လတွေမှာပဲ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ တွန်းအားပေးလုပ်ဆောင်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဗလာဟိုဗစ်ကို ဘွန်ဒက်စ်လီဂါချန်ပီယံကို ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့တိုက်ပွဲမှာ အနိုင်ရရှိသွားမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယခုရာသီအကုန်မှသာ ဆားဘီးယားလက်ရွေးစင်ကိုခေါ်ယူဖို့ရည်ရွယ်ထားတာဖြစ်ပေမယ့် ကနဦးဆွေးနွေးညှိနှိုင်းမှုတွေကိုတော့ မကြာခင်မှာပဲပြုလုပ်ပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အကြိုသဘောတူညီမှုရယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ 

ဗလာဟိုဗစ်အနေနဲ့လည်း သူ့ရဲ့အရည်အသွေးကို အီတလီစီးရီးအေမှာ သက်သေပြသထားပြီးဖြစ်လို့ အင်္ဂလန်သို့လာရောက်ပြီး ပရီးမီးယားလိဂ်မှာကစားဖို့ ဆန္ဒရှိနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ ကစားသမားဟာ ကိုယ်ကာယကြံ့ခိုင်မှုပိုင်းမှာရော၊ နည်းစနစ်ပိုင်းမှာပါ ထူးချွန်တာကြောင့် ပရီးမီးယာလိဂ်မှာကစားပါကလည်း ခြေစွမ်းပြသနိုင်ဖွယ်ရှိပြီး ယူနိုက်တက်အတွက် အရေးပါတဲ့ကစားသမားဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိုက်ပ်ဇစ်စတား ဘင်ဂျမင်ဆက်စ်ကိုကို ဈေးကြီးပေးခေါ်ယူထားခဲ့ပေမယ့် ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်မှာအသားကျဖို့ ခက်ခဲနေပြီး ယခုရာသီမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ဗလာဟိုဗစ်ဟာ ယခုရာသီကုန်ပါက ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ လျှော့ဈေးနဲ့ ခေါ်ယူနိုင်ဖို့လည်း အခွင့်အရေးရှိနေပါသေးတယ်။ ဒါကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတော့ ရူဘင်အာမိုရင်အနေနဲ့ ဗလာဟိုဗစ်ကို အကြိုသဘောတူစာချုပ် ချုပ်ဆိုသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။ 

တစ်ချိန်တည်းမှာပဲ ဘိုင်ယန်မြူးနစ်ကလည်း တိုက်စစ်ပိုင်းအင်အားဖြည့်တင်းရေးအတွက် ဗလာဟိုဗစ်ကိုပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ယခုရာသီမှာ ဂျူဗင်တပ်စ်အတွက်ပြိုင်ပွဲစုံ ၉ ပွဲကစားပြီး ၆ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် အင်္ဂလိပ်ဘောလုံးလောကမှာ ထိပ်တန်းနေရာကိုပြန်လည်တက်လှမ်းဖို့ပြင်ဆင်နေတဲ့ယူနိုက်တက်အတွက် လိုအပ်နေတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးဖြစ်လာနိုင်တယ်လို့လည်း ယူဆထားကြပါတယ်။