The network connection is lost.

Banner Image

ဘုန်းမောက်နောက်ခံလူ ဟွိုင်ဆန်ကို ရီးရဲလ်မက်ဒရစ်ခေါ်ယူ

ရီးရဲလ်မက်ဒရစ်ဟာ ဘုန်းမောက်ဗဟိုခံစစ်မှူး ဒင်းန်ဟွိုင်ဆန်ကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၈ သန်းကို ပေးချေသွားတော့မယ်လို့ စပိန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

ယခုသတင်းကို စပိန်နာမည်ကျော်သတင်းဌာနက MARCA က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာကတည်းက ထုတ်ပြန်ထားခဲ့ပြီး ယခုအခါမှာ ရီးရဲလ်မက်ဒရစ်ဘက်က အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ ဟွိုင်ဆန်ဟာ ယခုရာသီအကုန်မှာ ဘုန်းမောက်ကနေထွက်ခွာပြီး နောက်လမှာ ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။ 

စပိန်သားဟာ ပြီးခဲ့တဲ့ဧပြီလကမှ အသက်-၂၀ ပြည့်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာမယ့် ဇာဘီအလွန်ဆိုလက်အောက်မှာ နေရာရဖို့ ကြိုးစားသွားရပါမယ်။ ဘုန်းမောက်မှာတောက်ပလာခဲ့တဲ့ ဟွိုင်ဆန်ကို ဥရောပထိပ်သီးကလပ်အတော်များများက စိတ်ဝင်တစားစောင့်ကြည့်နေကြပေမယ့် ရီးရဲလ်မက်ဒရစ်က လက်ဦးမှုရယူပြီး စောစောစီးစီးခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေက ဟွိုင်ဆန်ကို ကမ်းလှမ်းမှုတွေပြုလုပ်ထားကြပေမယ့် ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ ယခုနှစ်ရာသီကို ဆုဖလားလက်မဲ့နဲ့ ဖြတ်သန်းရဖို့ သေချာသလောက်ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်အနေနဲ့ နောက်ရာသီမှာတော့ ဆုဖလားတွေပြန်လည်ဆွတ်ခူးနိုင်ဖို့ ဥရောပကြယ်ပွင့်တွေကို ပစ်မှတ်ထားစောင့်ကြည့်နေတာဖြစ်ပါတယ်။ 

ဟွိုင်ဆန်အနေနဲ့လည်း ဒဏ်ရာပြဿနာတွေကြုံတွေ့နေရတဲ့ အလာဘာ၊ မီလီတာအိုနဲ့ ရူဒီဂါတို့ရဲ့နေရာတွေကို ဖြည့်ဆည်းပေးသွားနိုင်မလားဆိုတာ နောက်လမှာ စောင့်ကြည့်သွားရပါမယ်။