The network connection is lost.

Banner Image

အမ်ဘာပေ ရောက်ရှိလာပြီးနောက် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခန့်မှန်းလိုက်တဲ့ ရီးရဲလ်ဂန္တဝင် မာဆယ်လိုနဲ့ ကာဆီးလက်စ်

အမ်ဘာပေရဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရောက်ရှိလာမှုနဲ့အတူ အကျိုးရလဒ်အဖြစ် ကလပ်အသင်းရဲ့ ၁၆ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလား ရရှိနိုင်လိမ့်မယ်လို့ မာဆယ်လိုနဲ့ ကာဆီးလက်စ်တို့က ချက်ချင်းဆိုသလို ခန့်မှန်းချက်ထုတ်ခဲ့ကြပါတယ်။
 
စပိန်ဘီလူးကြီးရဲ့ အသင်းသမိုင်းတလျှောက် ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလား သိမ်းပိုက်နိုင်ပြီး ရက်ပိုင်းအကြာမှာပဲ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းနှစ်ဦးက လာမယ့်တစ်နှစ်အတွင်း အမ်ဘာပေရဲ့ ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်မယ့် အလားအလာအပေါ် သံသယအနည်းငယ်သာရှိနေပုံရပါတယ်။
 
အခြားကလပ်အသင်းတွေထက် ချန်ပီယံလိဂ်ပြိုင်ပွဲက ရီးရဲလ်မက်ဒရစ်ကို တွန်းအားဖြစ်စေပါတယ်။ ဒါပေမယ့် အမ်ဘာပေကိုယ်တိုင်လည်း သူ့ရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဆုဖလား မရရှိခဲ့ဖူးပါဘူး။ သူ့အတွက် အနီးစပ်ဆုံးအဖြစ် ပီအက်စ်ဂျီနဲ့အတူ ၂၀၂၀ ပြည့်နှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်နိုင်မှုသာ ရှိခဲ့ပါတယ်။ မိုနာကိုနဲ့အတူ ဆယ်ကျော်သက် ကစားသမားဘဝမှာတော့ သူက ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းခဲ့ဖူးပါတယ်။
 
အမ်ဘာပေကို tag တွဲရင်း X လူမှုကွန်ရက်မှာ ကာဆီးလက်စ်က “ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းမှ ကြိုဆိုနေပါတယ်။ ပျော်ရွှင်စရာကောင်းတယ်ဆိုတာမျိုးက ဘယ်တော့မှ နောက်ကျလေ့မရှိပါဘူး။ မင်းနဲ့အတူ ကလပ်အသင်းအတွက် ၁၆ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားခရီးစဉ် စတင်ပါတော့မယ်”လို့ ပို့စ်တင်ခဲ့သလို မာဆယ်လိုကလည်း Instagram လူမှုကွန်ရက်မှာ “ ၁၆ ခုမြောက်ကတော့ ရောက်လာပါတော့မယ်”လို့ မျှဝေခဲ့ပါတယ်။
 
ပရိသတ်တွေအတွက်တော့ ကွင်းတွင်းမှာ ရီးရဲလ်မက်ဒရစ်ဂျာစီနဲ့အတူ အမ်ဘာပေကို မြင်တွေ့ခွင့်ရရှိဖို့ အချိန်အနည်းငယ်စောင့်ဆိုင်းရပါလိမ့်မယ်။ ကစားသမားကိုယ်တိုင်ကလည်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ဇူလိုင်လအလယ်အထိရှိနေမယ့် ယူရိုပြိုင်ပွဲနောက်ဆုံးအဆင့်တွေဆီ တက်ရောက်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီနောက်မှာတော့ ကစားသမားအတွက် အနားယူချိန်ပေးဖို့ အရေးတကြီး လိုအပ်နေပါလိမ့်မယ်။ဈေးကွက်နဲ့ဆိုင်တဲ့အမြင်မှာတော့ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူတွေက သူ့ကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်အထိ ရှိနေမယ့် အမေရိကန်နိုင်ငံရာသီကြိုခရီးစဉ်ဆီ ခေါ်ယူသွားဖို့ လိုလားနေပါလိမ့်မယ်။