
တပည့်ဟောင်းဖြစ်သူကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ အလွန်ဆို
သတင်းတွေအရ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီဟာ ဘယ်နောက်ခံလူအသစ်ရှာဖွေနေပြီး ကာရီရက်စ်အဆင်မပြေတာကြောင့် တပည့်ဟောင်း ဂရီမယ်လ်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်လာတယ်လို့ သိရပါတယ်။ မက်ဒရစ် နဲ့ ဘင်ဖီကာတို့ကြား ကာရီရက်စ်အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပြီး ပေါင် ၄၂ သန်းလောက်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ကာဒါနာသတင်းဌာနရဲ့အဆိုအရ ရီးရဲလ်အသင်းဟာ လေဗာကူဆင်စတား ဂရီမယ်လ်ဒိုဘက်ကို မြှားဦးလှည့်လာတယ်လို့ သိရပြီး ကစားသမားကလည်း ဆရာဟောင်းဖြစ်သူနဲ့ ပေါင်းဆုံချင်နေပါတယ်။ ဂါစီယာကို အရန်အဖြစ်သတ်မှတ်ထားပြီး ဖာလန်းမန်ဒီရဲ့အနာဂတ်က မသေချာသေးတာကြောင့် ဘယ်နောက်ခံလူတစ်ဦးမဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ်။
ဂရီမယ်လ်ဒိုဟာ အလွန်ဆိုနဲ့မစိမ်းသူဖြစ်သလို ယခင်လေဗာကူဆင်မှာလည်း အတူတူလက်တွဲဖူးတာကြောင့် နည်းစနစ်ပိုင်းအရလည်း အဆင်ပြေနိုင်တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ ဘင်ဖီကာကိုမပြောင်းခင် ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီမှာ ဖြတ်သန်းခဲ့တာဖြစ်ပြီး အဲ့နောက် ဘင်ဖီကာကနေ လေဗာကူဆင်ထံပြောင်းရွှေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဂရီမယ်လ်ဒိုတစ်ယောက် ၁၀ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ကာရီရက်စ်အခြေအနေကို ရီးရဲလ်ဘက်က ဆက်လက်ထောက်လှမ်းနေပေမယ့် လာမယ့်အပတ်ထဲမှာ ဂရီမယ်လ်ဒိုကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ စပိန်သားကလည်း မိခင်မြေကိုပြန်ဖွယ်ရှိနေတာဖြစ်ပြီး အလွန်ဆိုနဲ့လက်တွဲချင်တာကြောင့် အပြောင်းအရွှေ့က ဖြစ်လာနိုင်ချေများနေပါတယ်။