
ခြေသလုံးဒဏ်ရာကြောင့် အနားယူရမယ့် ရီးရဲလ်မက်ဒရစ် ခေါင်းဆောင် ကာဗာဂျယ်
ရီးရဲလ်မက်ဒရစ်အသင်း ခေါင်းဆောင် ဒါနီ ကာဗာဂျယ်ဟာ ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ကလပ်အသင်းက ထုတ်ပြန်ခဲ့ပြီး စပိန်မီဒီယာများကမူ နောက်ခံလူဟာ အနည်းဆုံး လေးပတ်ခန့် အနားယူရမည်ဟု ဖော်ပြခဲ့ကြပါတယ်။
သူဟာ ယခုရာသီ ပြိုင်ပွဲစုံတွင် ရှစ်ပွဲအနက် ခုနစ်ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း စနေနေ့က အက်သလက်တီကို မက်ဒရစ်အား ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲ၌ တစ်နာရီအကြာတွင် လူစားလဲခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကစားသမားက ACL ဒဏ်ရာကြောင့် ကိုးလကြာ အနားယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လက ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအတွက် ပြန်လည်ပါဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ ကစားသမား ကာဗာဂျယ်ကို ရီးရဲလ်မက်ဒရစ် ဆေးဘက်ဆိုင်ရာဌာနက ဒီနေ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် သူ့ရဲ့ ညာဘက်ခြေထောက် ခြေဖဝါးကြွက်သား ဒဏ်ရာ ရရှိထားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်” လို့ ရီးရဲလ်အသင်းက ကြေညာချက်တွင် ပြောကြားခဲ့ပါတယ်။
သူ မည်မျှကြာကြာ အနားယူရမည်ကို ကလပ်အသင်းက တိတိကျကျ မပြောခဲ့သော်လည်း Marca သတင်းစာက ကာဗာဂျယ်ဟာ တစ်လခန့် အနားယူရဖွယ်ရှိကြောင်း ဖော်ပြခဲ့ပြီး၊ အဲဒီလိုဆိုလျှင် အောက်တိုဘာ ၂၆ ရက်နေ့မှာ လာရောက်ကစားမယ့် ဘာစီလိုနာနဲ့ပွဲကို လွဲချော်ဖို့ များနေပါတယ်။
ညာနောက်ခံလူ ထရန့် အလက်ဇန်းဒါးအာနိုးလ်နဲ့ ဗဟိုခံစစ်မှူး အန်တိုနီယို ရူဒီဂါတို့ကလည်း ဒဏ်ရာရရှိနေတာကြောင့် နည်းပြ ဇာဗီ အလွန်ဆိုအတွက် နောက်ခံလူရွေးချယ်စရာ နည်းပါးလာခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကာဇက်စတန်ကို သွားရောက်ပြီး ကိုင်ရတ် အယ်လ်မာတီနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။