
အန်တိုနီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ပြင်ဆင်ထားကြောင်း ဘက်တစ်ဥက္ကဌ အသိပေး
ရီးရဲလ်ဘက်တစ်ဥက္ကဌ အိန်ဂျယ်ဟာရိုက အငှားနဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပြင်ဆင်ထားပြီး ရာသီကုန်မှာ ကစားသမားရဲ့မိခင်ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
စပိန်မြေကိုစတင်ရောက်ရှိချိန်ကတည်းက အခုချိန်အထိ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဘရာဇီးသားဟာ သောကြာနေ့နံနက်က ဖီအိုရင်တီးနားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ဒုတိယအကျော့ပွဲစဉ်မှာလည်း ဖရီးကစ်မှတစ်ဆင့် လှလှပပ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ယခုအခါမှာ ဘက်တစ်ဟာ နှစ်ကျော့ပေါင်းရလဒ် ၃-၄ နဲ့ဗိုလ်လုပွဲသို့တက်လှမ်းသွားခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီက အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့တဲ့ အန်တိုနီဟာ ယခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သလို၊ ဘက်တစ်အတွက် ပြိုင်ပွဲစုံ ၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုလို အသင်းအတွက် အထူးခြေစွမ်းပြနေတဲ့ ဘရာဇီးသားကို ရီးရဲလ်ဘက်တစ်ပရိသတ်တွေအနေနဲ့လည်း ဆက်လက်ထိန်းသိမ်းလိုနေတာဖြစ်ပါတယ်။
ယခုအခါမှာ ကလပ်ဥက္ကဌကလည်း အန်တိုနီကို အသင်းမှာဆက်လက်ထိန်းသိမ်းသွားဖို့အတွက် ရာသီကုန်မှာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်ထားကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ ဟာရိုက "အန်တိုနီက အားကစားဒါရိုက်တာရဲ့ စာရင်းထဲမှာရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူ့ရဲ့လစာတွေကို ယူနိုက်တက်က ပေးချေနေလို့ ကျွန်တော်တို့သူ့ကိုအပြီးသတ်ခေါ်ယူမယ်ဆိုရင် အခက်ကြုံရနိုင်ပါတယ်။ သူကလည်း ဘက်တစ်မှာနေချင်ပါတယ်။ ဒါပေမယ့် လက်ရှိအငှားစာချုပ်က အငှားစာချုပ်သီးသန့်ချည်းပါပဲ။ ဆွေးနွေးမှုတွေလုပ်စရာမရှိပါဘူး'
"အန်တိုနီကိုအသင်းမှာထားဖို့က အရမ်းရှုပ်ထွေးပါတယ်။ နောက်ထပ်တစ်နှစ် အသင်းမှာထပ်ငှားဖို့အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးသွားရမှာပါ။ ကစားသမားရဲ့ လစာတစ်စိတ်တစ်ပိုင်းကို ပေးချေပေးဖို့ ညှိနှိုင်းသွားရပါမယ်။ရာသီကုန်မှာ အန်တိုနီရဲ့ဆုံးဖြတ်ချက်ကလည်း ဘယ်လိုရှိလာဦးမလဲ မသိရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
အန်တိုနီဟာ ပေါင် ၈၆ သန်းနဲ့ အေဂျက်စ်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်အသင်းအတွက် ၉၆ ပွဲကစား၊ ၁၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်သာပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ယူနိုက်တက်မှာရှိစဉ်က သူ့ရဲ့စွမ်းဆောင်ရည်တွေဟာ ပုံမှန်ထက် အများကြီးနိမ့်ကျခဲ့ကြောင်း အန်တိုနီက ဖွင့်ဟပြောကြားခဲ့ပါတယ်။
ကစားသမားက "ယူနိုက်တက်မှာတုန်းက ကျွန်တော့်ရဲ့အခြေအနေက ကျွန်တော့်ရဲ့ဘောလုံးလောကနဲ့ ဝေးကွာနေခဲ့ပါတယ်။ ကျွန်တော့်မှာ အလားအလာရှိပေမယ့် ယူနိုက်တက်မှာတော့ အခက်ခဲတွေရှိခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ကျွန်တော့်အတွက် ကောင်းတဲ့အချိန်တွေရော၊ မကောင်းတဲ့အချိန်တွေရောရှိခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောဖို့ကတော့ စောပါသေးတယ်။ ဒီမှာနေရတာ ပျော်ပါတယ်။ ပြီးတော့ ကျွန်တော့်ကိုကမ်းလှမ်းလာတဲ့ အသင်းတွေလည်းရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ခဲ့တဲ့ ဘက်တစ်ဟာ လာလီဂါမှာလည်း အခြေအနေကောင်းနေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။