The network connection is lost.

Banner Image

ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန်တက်လှမ်းလာတာပါလို့ ဆိုလိုက်တဲ့ လူးဝစ်အင်းနရစ်

အာဆင်နယ်ကိုအနိုင်ယူပြီးနောက် ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က သူ့ရဲ့အသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့ပြီး ဆုဖလားအရယူဖို့ ရည်မှန်းထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ပါရီမြေဒုတိယအကျော့ပွဲစဉ်အတွင်း ပီအက်စ်ဂျီက ၂-၁ ဂိုး(နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုး)ဖြင့် အနိုင်ယူပြီးနောက် စပိန်သားနည်းပြက “ ဒီနှစ်ကျော့လုံးမှာ ကျွန်တော်တို့က သူတို့တွေထက် ဂိုးပိုသွင်းနိုင်ခဲ့တယ်။ ဒါကပဲ ဘောလုံးမှာ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကလည်း အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ကျွန်တော်တို့ကို ကောင်းကောင်းဒုက္ခပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ ပါရီအခြေစိုက်အိမ်ရှင်ကလပ်အသင်းအတွက် ဖေဘီယန်ရုဇ်နဲ့ ဟာကီမီတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပြီး အာဆင်နယ်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဆာကာက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တွေအတွက် နိုင်ပွဲရရှိစေဖို့ ဂိုးသမားဒွန်နာရမ်မာရဲ့အထူးစပါယ်ရှယ်လက်စွမ်းတွေ လိုအပ်ခဲ့ပြီး အာဆင်နယ်နည်းပြအာတီတာကိုယ်တိုင်ကလည်း သူ့ရဲ့အသင်းဟာ နှစ်ကျော့လုံးမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လူးဝစ်အင်းနရစ်ကလည်း “ အခုပွဲစဉ်ကတော့ ချန်ပီယံလိဂ်ခရီးလမ်းတလျှောက် ကျွန်တော်တို့ ဒုက္ခအတွေ့ဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် တက်လှမ်းသွားတာပါ”လို့ ပြောပါတယ်။

ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖိုင်နယ်ခရီးလမ်းမှာ လီဗာပူး၊ အက်စတွန်ဗီလာတို့ကိုလည်း အနိုင်ယူကျော်ဖြတ်ခဲ့ပြီး မေ ၃၁ ရက်၊ မြူးနစ်မြို့မှာ အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဆီ ရောက်ရှိလာခဲ့ပါတယ်။ သူတို့တွေက လိဂ်ပုံစံအုပ်စုအဆင့်ရဲ့အဖွင့်ပွဲစဉ်ငါးခုမှာ အာဆင်နယ်ကို နှစ်ဂိုးပြတ်အရေးနိမ့်မှုအပါအဝင် သုံးပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ဆိုးတွေကြောင့် ပြိုင်ပွဲကို စောစောစီးစီးနှုတ်ဆက်ရဖို့ နီးစပ်ခဲ့ပါတယ်။

ဒါကြောင့် ပါရီသားတွေက လိဂ်ပုံစံအုပ်စုအဆင့်ရဲ့အကောင်းဆုံးအသင်းဖြစ်တဲ့ လီဗာပူးရဲ့နောက်မှာ ၈ မှတ်အထိ ပြတ်ကျန်ပြီး အဆင့်-၁၅ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ လူးဝစ်အင်းနရစ်က “ ပြိုင်ပွဲတလျှောက်လုံး ကျွန်တော်တို့အသင်း ဘယ်လိုရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်နေမယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းက လိဂ်ပုံစံအုပ်စုအဆင့်မှာ ကိုးမှတ်ထက်ပိုပြီး ထိုက်တန်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

လိဂ်ပုံစံအုပ်စုအဆင့်မှာ အခုလိုပွဲကျပ်တွေရင်ဆိုင်ခဲ့ရလို့ ကျွန်တော်တို့အသင်းအတွက်လည်း တိုးတက်ကောင်းမွန်စေတယ်ဆိုတဲ့ အချက်တစ်ခုလည်း ရှိပါတယ်။ အချက်အလက်တွေအရ ကျွန်တော်တို့က ဥရောပအကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်တယ်ဆိုတာနဲ့ ကာလတိုပြိုင်ပွဲတစ်ခုမှာ ကျွန်တော်တို့တွေ ပိုပြီးလက်တွေ့ကျကျစတင်လာနိုင်တဲ့အချိန်ကို ပြသသွားပါတယ်။ ကျွန်တော့်အမြင်အရ ကျွန်တော်တို့အသင်းက ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန်ရောက်ရှိလာခဲ့တယ်ဆိုတာ ပြသပြီးသွားပါပြီ”လို့ ပြောပါတယ်။

အခုတစ်ကြိမ်ကတော့ ပီအက်စ်ဂျီအတွက် ဒုတိယမြောက်ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ သူတို့တွေက လွန်ခဲ့တဲ့ငါးနှစ်၊ လစ္စဘွန်းမှာ ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ပြီး ဆုဖလားအောင်ပွဲနဲ့ လွဲချော်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ်၊ လူးဝစ်အင်းနရစ်ရဲ့အဖွင့်ဘောလုံးရာသီမှာပဲ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ပေမယ့် ဒေါ့မွန်ကို အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

လာမယ့်ကြာသပတေးနေ့မှာပဲ အသက်-၅၅ နှစ်ပြည့်မြောက်မယ့် ဘာစီလိုနာနည်းပြဟောင်းက “ ဘောလုံးမှာ ယုတ္တိဗေဒဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဒီကလပ်အသင်းဆီ ရောက်ရှိလာတဲ့ ပထမဆုံးနေ့မှာပဲ ကျွန်တော်က သမိုင်းသစ်တစ်ခုဖန်တီးသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကပဲ ကျွန်တော်တို့ရဲ့ရည်မှန်းချက် ဖြစ်ပါတယ်။ ကျွန်တော်တို့အလိုချင်ဆုံးဆုဖလားကြီးကို ဆွတ်ခူးသွားနိုင်ဖို့ပါပဲ”လို့ ဆိုပါတယ်။