တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Vissel Kobe အသင်းကို အနိုင်ရရှိတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ကူလူဆက်ဗ်စကီးကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ရပြီးနောက် ပိုစတီကိုဂလူက အသင်းတိုက်စစ်ပိုင်းမှာ အင်အားနည်းပါးလွန်းတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
သူက “မနေ့တုန်းကလည်း ကျွန်တော်ပြောခဲ့ပြီးပြီလို့ ထင်ပါတယ်။ အပြောင်းအလဲဘာမှမရှိပါဘူး။ လိုအပ်တဲ့နေရာတွေအတွက် ကစားသမားသစ်ဖြည့်တင်းမယ့် ဗျူဟာတစ်ရပ် အသင်းမှာ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလိုပဲ တိုက်စစ်မြှားဦးမှာ ကူလူဆက်ဗ်စကီးကို နေရာပေးပြီး ကစားခဲ့ရပါတယ်။ ဒါပေမယ့် အခုပွဲစဉ်အတွက် ရစ်ချာလီဆန် မကစားပေးနိုင်သလို တီမိုဝါနာလည်း အဆင်သင့်မရှိနေခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အသင်းတိုက်စစ်ပိုင်းမှာ အင်အားနည်းပါးသွားခဲ့ပါတယ်။
အခုအပြောင်းအရွှေ့ကာလအတွင်း ဘာတွေလုပ်သွားဖို့လိုအပ်သလဲဆိုတာနဲ့ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့အစီအစဉ်တစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီအစီအစဉ်အတိုင်းပဲ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အသင်းအတွက် အားကောင်းရမယ့်နေရာတွေကို သိရှိထားပြီး ဒီအပေါ်မှာပဲ ရှင်းရှင်းလင်းလင်းအာရုံစိုက်ထားပါတယ်”လို့ ဆိုပါတယ်။