
ပိုစတီကိုဂလူကို အချိန်ထပ်ပေးသင့်တယ်လို့ တော့တင်ဟမ်ကို ပေါ်ရိုတိုက်တွန်း
တော့တင်ဟမ်ညာနောက်ခံလူ ပက်ဒရိုပေါ်ရိုက အသင်းကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နည်းပြ အန်ဂျီပိုစတီကိုဂလူနဲ့ပတ်သက်ပြီး အသင်းအနေနဲ့ နည်းပြကို အချိန်ထပ်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားလာခဲ့ပါတယ်။
သတင်းတွေက တော့တင်ဟမ်ဥက္ကဌ ဒန်နီယယ်လီဗိုင်ဟာ ပိုစတီကိုဂလူကို အသင်းနေထုတ်ပယ်ပြီး ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကို အစားထိုးခန့်အပ်ဖွယ်ရှိတယ်ဖို့ဖော်ပြထားကြပေမယ့် ပိုစတီကိုဂလူက သူဟာ အသင်းကိုဆက်လက်တည်ဆောက်ဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။ ဩစတြေးလျသားနည်းပြဟာ တော့တင်ဟမ်ရဲ့ ၁၇ နှစ်ကြာဆုဖလားမိုးခေါင်မှုကို ယူရိုပါလိဂ်ဖလားရယူပြီး ရပ်တန့်ပေးခဲ့သူဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ တန်းဆင်းဇုန်ရဲ့အပေါ် အဆင့် ၁၇ နေရာမှာသာ ရပ်တည်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ ပေါ်ရိုက "လောလောဆယ်မှာကျွန်တော်က စပိန်အသင်းကိုရောက်နေလို့ ကလပ်ကကိစ္စတွေအကြောင်း ခေါင်းထဲမရှိပါဘူး။ ကျွန်တော်တို့ အရေးကြီးတဲ့ပွဲစဉ် ၂ ပွဲကစားရဖို့ရှိပါတယ်။ ဒါပေမယ့် ပိုစတီကိုဂလူကိုအသင်းမှာဆက်ထားမယ်ဆိုရင်တော့ အသင်းသားတွေအတွက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်လာမှာပါ"
"သူက အရမ်းကောင်းတဲ့အသင်းတစ်သင်းကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ နည်းပြတွေလည်း အသင်းသစ်မှာအသားကျဖို့ အချိန်လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်မှာသူအရမ်းကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ဆုလားတစ်လုံးကိုတော့ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဆုဖလားဆိုတာလည်း အရေးကြီးတဲ့အရာပါပဲ"
"အသင်းဖော်တွေကလည်း သူ့ကိုအသင်းမှာဆက်ရှိစေချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ခုနကပြောသလိုပဲ လောလောဆယ် ကျွန်တော့်ရဲ့ခေါင်းထဲမှာ လက်ရွေးစင်အသင်းအကြောင်းပဲရှိပါတယ်။ တော့တင်ဟမ်ရဲ့အကြောင်းပြောဖို့ အချိန်တွေရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပိန်လက်ရွေးစင်က "ကျွန်တော်နဲ့ပိုစတီနဲ့က အရမ်းရင်းနှီးပါတယ်။ ဒီ ၂ နှစ်အတွင်းကျွန်တော်အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာ သူ့ရဲ့ကျေးဇူးကြောင့်ပါ။ ဘောလုံးမှာ ဒီလိုကိစ္စတွေက အမြဲတမ်းရှုပ်ထွေးပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံး သူနဲ့အတူတူရှိနေရရင်ပျော်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။