The network connection is lost.

Banner Image

ဆီမန်ညိုရဲ့ဒုတိယဂိုးကို ခွင့်မပြုပေးလို့ ဒေါသအိုးပေါက်ကွဲခဲ့တဲ့ ပက်ဂွါဒီယိုလာ

ဒီနေ့မနက်ပိုင်း၊ နယူးကာဆယ်ကို မန်စီးတီးတို့ အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ဆီမန်ညိုရဲ့သွင်းဂိုးကို ခွင့်မပြုပေးတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒိုင်လူကြီးများဆိုင်အကြီးအကဲဟောင်းဝပ်ဝက်ဘ်ဆီမှ ဖြေရှင်းချက်တစ်ခုရရှိရန် မျှော်လင့်ထားတယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးက စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံတွေကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲဆီ ခြေတစ်ဖက်လှမ်းနိုင်ခဲ့ပါတယ်။ အခုလိုအနိုင်ရရှိခဲ့ပေမယ့် ဆီမန်ညိုရဲ့ဒုတိယမြောက်ဂိုးကိုပယ်ဖျက်ဖို့အတွက် VAR ရဲ့ခြောက်မိနစ်နီးပါးကြာ ပြန်လည်စစ်ဆေးမှုတစ်ခုက ပက်ဂွါဒီယိုလာကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးနည်းပြက နိုဝင်ဘာလအတွင်း နယူးကာဆယ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဖိုဒန်အပေါ် ဖေဘီယန်ရှားရဲ့ဖြတ်ထုတ်မှုအတွက် ပယ်နယ်တီပေးဖို့ VAR ရဲ့ပျက်ကွက်ခဲ့မှုကို အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ တာဝန်ရှိသူတွေကိုယ်တိုင် ဖိုဒန်ဖြစ်ရပ်အတွက် ပယ်နယ်တီမသတ်မှတ်ခဲ့ခြင်းကို အမှားအယွင်းတစ်ခုဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ အခုတော့ ကျွန်တော်ပြောရပါမယ်။ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကျွန်တော်တို့အသင်း ၂-၁ ဂိုးဖြင့်ရှုံးနိမ့်နေချိန် VAR ဘာလုပ်နေသလဲဆိုတာ သိရပါစေ။ ဖိုဒန်အတွက် ပယ်နယ်တီတစ်ခုဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ၊ သိပ်ပြီးစဉ်းစားနေစရာ မလိုပါဘူး။

ဒီနေ့မှာလည်း လိုင်းတွေရှိနေတာတောင် လူလေးဦးက မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အဲ့ဒီတုန်းက နယူးကာဆယ်သွင်းယူခဲ့တဲ့ဒုတိယဂိုးမှာ လိုင်းတွေဆွဲပြခဲ့တာ ပြီးပြည့်စုံလွန်းပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း VAR နဲ့ပတ်သက်လို့ ယုံမှားသံသယမျိုး မရှိခဲ့ဖူးပါဘူး။ ဒီကွင်းမှာ ကျွန်တော်တို့အသင်းရှုံးနိမ့်သွားချိန် ကျွန်တော် ဘာတစ်ခုမှမပြောခဲ့ပါဘူး။မနက်ဖြန်မှာတော့ ဒိုကူရဲ့ဒုတိယဂိုးကို ဘာကြောင့်ပယ်ဖျက်ခဲ့သလဲဆိုတာ ဟောင်းဝပ်ဝက်ဘ်ကိုယ်တိုင် ရှင်းပြပေးဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။ 

ဒါ့အပြင် ပက်ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တမေလ၊ အက်ဖ်အေဖလားဗိုလ်လုပွဲအတွင်း ပေါ်ပေါက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီပွဲစဉ်အတွင်း ပဲ့လေစ်ဂိုးသမားဒင်းဟန်ဒါဆန်က ဟာလန်းရဲ့တိုက်စစ်ဆင်မှု ကို ရပ်တန့်နိုင်ဖို့အတွက် ဂိုးဧရိယာပြင်ပအထိ ထွက်ကာ ဘောလုံးကို လက်နဲ့ပုတ်ထုတ်ခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “ ခရစ္စတယ်ပဲလေ့စ်နဲ့အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဟန်ဒါဆန်အတွက် အနီကတ်ပြသပေးရမယ့်အချိန် ကျွန်တော် ဘာများပြောခဲ့တာရှိသလဲ? တစ်ခုခုပြောမိခဲ့သလား? မပြောပါဘူး။ အိုကေပါပဲ၊ အဆင်ပြေပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ပြိုင်ပွဲကြီးတွေရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ကျွန်တော် ဘာတစ်ခုမှ မပြောခဲ့ဖူးပါဘူး။ ကွင်းဘေးစည်းမှာတော့ တခါတရံရှိတတ်ပေမယ့် သတင်းစာရှင်းလင်းပွဲမှာတော့ ကျွန်တော် ဘာမှမပြောခဲ့ပါဘူး”လို့ ဆိုပါတယ်။

မိုးပြာရောင်တပ်သားတွေနဲ့ ငှက်ကျားတွေရဲ့ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၄ ရက်၊ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားပါလိမ့်မယ်။ ဒီနှစ်သင်းအနက် အနိုင်ရရှိလာမယ့်အသင်းက ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီး(သို့မဟုတ်)အာဆင်နယ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါမယ်။