
မြက်ခင်းစိမ်းပေါ်ပြန်ရောက်လာတဲ့ ရိုဒရီရဲ့ စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံးအခြေအနေကို ဂွါဒီယိုလာ ဖွင့်ဟလာ
မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ကာလရှည်ဒဏ်ရာကြောင့် အနားယူနေရသော စပိန်ကစားသမား ရိုဒရီ ပြန်လာရန် နီးစပ်လာပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်သည်။ရိုဒရီသည် စက်တင်ဘာလက အာဆင်နယ်နှင့် ကစားခဲ့သည့်ပွဲတွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုရာသီကျန် ပွဲစဉ်များတွင် ပြန်လည်ပါဝင်နိုင်တော့မည် မဟုတ်ဟု ခန့်မှန်းထားခြင်းခံခဲ့ရသည်။
သို့သော် မန်စီးတီးအသင်းသည် ဇန်နဝါရီလတွင် ပေါ်တိုကြယ်ပွင့် နီကို ဂွန်ဇာလက်ဇ်ကို ခေါ်ယူကာ ၎င်းတို့၏ ကွင်းလယ်နေရာအတွက် ရွေးချယ်စရာများကို ဖြည့်ဆည်းခဲ့သည်။ ရိုဒရီအနေဖြင့် ပြန်လည်သက်သာလာစေရန် လေ့ကျင့်ရေးအရှိန်မြှင့်လျက်ရှိပြီး တစ်ဦးချင်းလေ့ကျင့်ခန်းများ ပြန်လည်ဆင်းနေပြီဖြစ်သည်။ ဂွါဒီယိုလာက "သူတို့ နှစ်ယောက်စလုံး (ရိုဒရီနှင့် အော်စကာ ဘော့ဘ်) ပြန်လာဖို့ နီးစပ်နေကြပါပြီ" ဟု ပလိုင်းမောက်နှင့် FA ဖလားပွဲမတိုင်မီ ပြောကြားခဲ့သည်။
သို့သော် ရိုဒရီ အလျင်စလို ပြန်လာမည့်ကိစ္စကို စိုးရိမ်မှုများလည်း ရှိနေပုံရသည်။ ဇန်နဝါရီလတွင် ဂွါဒီယိုလာက "ACL ဒဏ်ရာဆိုတာ ACL ဒဏ်ရာပါပဲ။ လူ့ခန္ဓာကိုယ်ကို လေးစားရမည့် အချိန်တစ်ခု အမြဲရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။
နည်းပြက "ခင်ဗျားက တစ်ပတ်၊ တစ်လလောက်အတွင်း ပြန်လာနိုင်ပြီး နောက်ရာသီအတွက် နောက်တစ်လှမ်း ပြန်ဆုတ်လိုက်မယ်ဆိုရင် အဲဒါက ဉာဏ်ကောင်းတဲ့အလုပ် မဟုတ်ပါဘူး" ဟု ထပ်လောင်း သတိပေးခဲ့ပြီး "ရိုဒရီအတွက် အခုအရေးကြီးဆုံးအရာမှာ ကောင်းကောင်း ပြန်သက်သာလာဖို့ပဲ ဖြစ်ပါတယ်" ဟု တိုက်တွန်းခဲ့သည်။