The network connection is lost.

Banner Image

နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် ကစားပုံအရမ်းကောင်းခဲ့တယ်လို့ အံ့အားသင့်စရာမှတ်ချက်ပေးလာတဲ့ ပက်ဂွါဒီယိုလာ

ပုံစံကောင်းပျောက်ဆုံးနေတဲ့ မန်စီးတီးအသင်းဟာ အဲဗာတန်နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့တယ်လို့ နည်းပြပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ယမန်နေ့(ကြာသပတေးနေ့)ညပိုင်း၊ အီတီဟတ်ကွင်းအတွင်း တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းက ရှောင်ဒိုက်ရဲ့အသင်းခံစစ်ပိုင်းစုဖွဲ့မှုကို ဖြိုခွဲနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဟာလန်းရဲ့ပယ်နယ်တီကန်သွင်းမှုကို ပစ်ဖို့ဒ်ကာကွယ်သွားနိုင်မှုအပါအဝင် ပွဲချိန်အများစုကို သာမန်ဘောလုံးပေးပို့မှုတွေနဲ့ ကုန်ဆုံးခဲ့ရပေမယ့် နည်းပြပက်ဂွါဒီယိုလာကတော့ သူ့အသင်းကစားသမားတွေ ဘယ်လောက်အထိစွမ်းဆောင်နိုင်ခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာမှတ်ချက်တစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

Amazon Prime နဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ကျွန်တော်တို့အသင်းရဲ့ကစားပုံ တကယ်ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဂိုးဖန်တီးပေးနိုင်ဖို့ ကြိုးစားနေချိန်မှာပဲ ပြိုင်ဘက်ရဲ့ပထမဆုံးအကြိမ်ထိုးဖောက်မှုမှတဆင့် ချေပဂိုးခွင့်ပြုပေးလိုက်ရတဲ့ အခိုက်အတန့်မျိုးဆီ ရောက်ရှိနေပါတယ်။ ဒါပေမယ့် ဒီလိုကစားပုံမျိုးနဲ့ပဲ ဆက်သွားရပါမယ်။

အခုလိုပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ကစားရချိန် ခံစစ်ပိုင်းရော၊ တိုက်စစ်ပိုင်းပါ စွမ်းဆောင်ရည် အရမ်းကောင်းမွန်ခဲ့ပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာ ၁၈ ကိုက်စည်းအတွင်း ကျွန်တော်တို့ အကြိမ်ကြိမ်ကန်သွင်းခဲ့ပေမယ့် လိုချင်တဲ့ရလဒ်မျိုးကိုတော့ ကံမကောင်းစွာနဲ့ဘဲ မဖန်တီးပေးနိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ မန်စီးတီးအသင်းက ပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတော်လေးခက်ခဲလာခဲ့ပါတယ်။ သူတို့တွေက အခုလိုပုံစံမျိုးနဲ့ဆိုရင် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့တောင် ရုန်းကန်သွားရနိုင်ပါတယ်။

မန်စီးတီးအသင်းက လာမယ့်တနင်္ဂနွေနေ့မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ လက်စတာအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရင်း ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်သွားရပါလိမ့်မယ်။ အဲ့ဒီပွဲစဉ်နဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “အခုအချိန်မှာတော့ အမြန်ဆုံးအားအင်ဖြည့်တင်းပြီး တက်နိုင်သမျှ အကောင်းဆုံးစိတ်ဓါတ်ပိုင်းနဲ့အတူ ဒီအဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်သွားရပါမယ်။ ဒါကပဲ ကျွန်တော်တို့လုပ်ရမယ့်အရာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။