ကစားသမားတစ်ဦးရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်မှားယွင်းခဲ့ဖူးတဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက လတ်တလောမှာ ချို့ယွင်းချက်မရှိသလောက်နည်းပါးလှတဲ့ သူ့ရဲ့နည်းပြခရီးလမ်းတလျှောက် အဆိုးဝါးဆုံးဘောလုံးရာသီကို ဖြတ်သန်းနေရပါတယ်။ အကောင်းဆုံးနည်းပြတွေတောင် ရံဖန်ရံခါ အမှားတွေကျူးလွန်တက်သလို ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း သူ့ကို ဝမ်းနည်းကြေကွဲနောင်တရမိစေတဲ့ကိစ္စတစ်ခုအကြောင်း မကြာသေးမီရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပက်ဂွါဒီယိုလာဝမ်းနည်းနေရတဲ့အကြောင်းကတော့ ကစားသမားတစ်ဦးကို အသင်းမှ ထွက်ခွာစေရန် အလျင်စလိုခွင့်ပြုပေးမိခြင်းဖြစ်ပြီး ဒီကိစ္စကို သူ့စိတ်ထဲမှာ စွဲမြဲနေခဲ့ပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလအတွင်း ချဲလ်ဆီးဆီ ကိုးလ်ပယ်လ်မာကို ပေါင် ၄၂ ဒဿမ ၅ သန်းဖြင့် ရောင်းချလိုက်တဲ့ကိစ္စအကြောင်း မဆွေးနွေးခဲ့ပါဘူး။
ပယ်လ်မာကိုယ်တိုင်လည်း အသင်းသစ်အတွက် ပရီးမီးယားလိဂ် ၅၂ ပွဲကစား၊ ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာကိုယ်တိုင် ရေရှည်ဆက်ထိန်းထားချင်ခဲ့တဲ့ကစားသမားကတော့ ဂျီးဆပ်စ်နာဗက်စ်ပဲ ဖြစ်ပါတယ်။ နာဗက်စ်က ပက်ဂွါဒီယိုလာရဲ့မန်စီးတီးနည်းပြဘဝအဖွင့်ရာသီပြီးဆုံးချိန် ၂၀၁၇ ခုနှစ် နွေရာသီကာလမှာ အီတီဟတ်မှ ထွက်ခွာခဲ့ပါတယ်။
စပိန်ကြယ်ပွင့်က မန်စီးတီးဆီ ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၈၃ ပွဲ ကစားပေးခဲ့ပါတယ်။ မန်စီးတီးမှထွက်ခွာလာပြီးနောက် နာဗက်စ်က ဆီဗီလာဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး ကစားသမားဘဝအနားမယူခင်အထိ နောက်ထပ်ခုနစ်ရာသီခွဲကာလကို စပိန်နိုင်ငံတောင်ပိုင်းဒေသမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားခဲ့ပါတယ်။
အသက်-၃၉ နှစ်အရွယ်ကစားသမားရဲ့စာချုပ်သက်တမ်းက အခုနှစ်သစ်ကူးချိန်မှာ တရားဝင်ကုန်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ကလပ်အသင်းဥက္ကဋ္ဌရဲ့တောင်းဆိုမှုတစ်ခုအရ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆီဗီလာမှာ နာဗက်စ် ဆက်ရှိသွားပါလိမ့်မယ်။ အခုသီတင်းပတ်အတွင်း ဆီဗီလာအသင်းက နာဗက်စ်ရဲ့ကစားသမားဘဝဂုဏ်ပြုခြင်းအခမ်းအနားကို စီစဉ်ကျင်းပပေးခဲ့ပြီး ပက်ဂွါဒီယိုလာကိုလည်း ဒီအခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက သူ့ရဲ့ကစားသမားဟောင်းဆီ “မင်းနဲ့ တစ်နှစ်တာအတူတကွဖြတ်သန်းခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မင်းကို ထွက်ခွာခွင့်ပေးခဲ့ရလို့ ဘယ်လောက်အထိ နောင်တရနေခဲ့သလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ မန်စီးတီးမှာ မင်းကို အချိန်တွေအကြာကြီး ဆက်ရှိစေချင်ခဲ့ပေမယ့် တခါတရံတော့ မင်းလည်း အမှားတွေ လုပ်ခဲ့ပါတယ်။
ဆီဗီလာပရိသတ်လို့ သတ်မှတ်နိုင်တဲ့ သာမန်ထက်ထူးကူတဲ့ဘောလုံးသမားတစ်ဦးကို ပိုင်ဆိုင်နိုင်ခဲ့လို့ ဆီဗီလာကလပ်အသင်းအသိုက်အဝန်းတစ်ခုလုံးကို ဂုဏ်ပြုပါတယ်။ နောက်နှစ်ပေါင်းများစွာအထိ သူ့ကို လက်လွှတ်မခံလိုက်ပါနဲ့၊ ဆီဗီလာရေ။ သူ့ကို အားလုံးနဲ့အတူ နီးနီးကပ်ကပ်ဆက်ရှိနေပေးလိုက်ပါ။ နှုတ်ဆက်ပါတယ်”လို့ ပြောပါတယ်။
နာဗက်စ်က မန်စီးတီးနဲ့အတူ လေးနှစ်ကြာလက်တွဲခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုတစ်ကြိမ်၊ ကာရာဘောင်းဖလားနှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူက ဆီဗီလာကစားသမားဘဝသက်တမ်းနှစ်ကြိမ်မှာလည်း ယူရိုပါလိဂ်ချန်ပီယံဆုလေးကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်မှုအပါအဝင် ဆုဖလားရှစ်လုံးအထိ အနိုင်ရရှိခဲ့ပါတယ်။
လက်ရွေးစင်အဆင့်မှာလည်း နာဗက်စ်က ၂၀၁၀ ကမ္ဘာ့ဖလား၊ ၂၀၁၂ ယူရိုနဲ့ ၂၀၂၄ ယူရို၊ ၂၀၂၂-၂၀၂၃ နေးရှင်းလိဂ်ပြိုင်ပွဲတွေရဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။