The network connection is lost.

Banner Image

လီဗာပူးနဲ့အာဆင်နယ်တို့ရဲ့ပစ်မှတ် အီဆက်ကို အသင်းမှာလစာအမြင့်ဆုံးပေးဖို့ စီစဉ်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ပစ်မှတ်ထားနေတဲ့ အသင်းရဲ့တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ပြင်ဆင်နေပြီး အဆိုပါစာချုပ်ပါသဘောတူညီချက်အရ အီဆက်ဟာ ကလပ်ရဲ့လစာအမြင့်ဆုံးကစားသမားဖြစ်လာမယ်လို့သိရပါတယ်။ 

အီဆက်ဟာ နယူးကာဆယ်အတွက်အလွန်အဖိုးတန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကအသင်းအတွက် ပရီးမီးယားလိဂ် ၂၃ ဂိုးသွင်းယူခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွီဒင်လက်ရွေးစင်ဟာ နယူးကာဆယ်ရဲ့ဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးနိုင်ခဲ့ပြီး ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ လီဗာပူးကိုအနိုင်ယူကာ ချန်ပီယံဖြစ်စေခဲ့ပါတယ်။ 

ဒါကြောင့် အီဆက်ကို ဥရောပထိပ်သီးကလပ်တွေအပါအဝင် လီဗာပူးနဲ့ အာဆင်နယ်တို့က ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေပြီး လာလီဂါချန်ပီယံ ဘာစီလိုနာကလည်း စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ 

သို့သော်လည်း နယူးကာဆယ်ကတော့ အသင်းရဲ့အကောင်းဆုံးကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့သာဆန္ဒရှိနေပြီး ယခုနွေရာသီအတွင်း ကြီးမားတဲ့စာချုပ်သစ်တစ်ခုနဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ နယူးကာဆယ်ဟာ အီဆက်အတွက် တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲကျော်အထိ ပေးချေဖို့ စီစဉ်နေတာကြောင့် ဆွီဒင်သားဟာ ဆန်ဒရိုတိုနာလီ၊ ဘရူနိုဂူမာရေးစ်နဲ့ အန်တိုနီဂေါ်ဒွန်တို့ကိုကျော်ဖြတ်ကာ ကလပ်ရဲ့လစာအမြင့်ဆုံးကစားသမားဖြစ်လာဖို့ရှိနေပါတယ်။ 

နယူးကာဆယ်ဟာ နွေရာသီအားလပ်ရက်မှာ အနားယူနေတဲ့ အသင်းရဲ့ကစားသမားတွေကို လာမယ့်ဇူလိုင်လအလယ်မှာ ပြန်လည်ဆင့်ခေါ်သွားမှာဖြစ်ပြီး ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမှာဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အက်ဒီဟိုဝီရဲ့အသင်းဟာ စကော့တလန်ကလပ် ဆဲလ်တစ်နဲ့ ခြေစမ်းပွဲကစားသွားရပါမယ်။