
အိုးလေဒီတို့အတွက် နေရာမှန်ပြန်ရောက်ရေး ဆုဖလားတွေသိမ်းပိုက်ပေးချင်တဲ့ အကြောင်း ကြွေးကြော်ပြောဆိုလိုက်တဲ့ ပေါ့ဂ်ဘာ
မန်ချက်စတာယူနိုက်တက်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာ ဒဏ်ရာကြောင့် ပုံမှန် ပွဲထွက်ကစားပေးနိုင်ရန် ရုန်းကန်နေရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပေါ်လ်ပေါ့ဂ်ဘာက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပြစ်ဒဏ်ချမှတ်ခံရယူမှုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ကစားခွင့်နဲ့ လွဲချော်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ဆုဖလားတွေ ဆွတ်ခူးပေးချင်တဲ့အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။
ပေါလ်ပေါ့ဂ်ဘာအနေဖြင့် ယခုနှစ်စီးရီးအေပြိုင်ပွဲအတွင်း ပွဲဦးထွက် ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းနဲ့ ၁ဂိုး - ၁ဂိုး သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားပေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်ကြယ်ပွင့် အနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ်စ်အသင်းအတွက် ပွဲစဉ် အနည်းငယ်သာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားပေးရန် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းအတွက် ပွဲစဉ် ၁၁ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာအနေဖြင့် ကလပ်အသင်းရဲ့ အမေရိကန်ကိုသွားရောက်တဲ့ ရာသီကြိုခြေစမ်းခရီးစဉ်တစ်လျှောက်လုံး ပါဝင်ပူးပေါင်းနိုင်ခဲ့ခြင်းမရှိတာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းအတွက် ဆုဖလားတွေ ဆွတ်ခူးရယူနိုင်ရန် ကြိုးစားပေးချင်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ပေါလ်ပေါ့ဂ်ဘာက“ပေါ့ဂ်ဘာအစစ်အမှန် ပြသဖို့ဆိုတာက ပွဲကစားချိန် မိနစ်တွေ လိုနေပါသေးတယ်။ အခုအချိန်မှာ ကြံ့ခိုင်မှု ပြည့်ဝလာပြီဖြစ်တာကြောင့် ဆုဖလားတွေဆွတ်ခူးနိုင်ရေးအတွက် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်အသက်က ၃၀ ပဲရှိပါသေးတယ်။ ငယ်ငယ်က အတိုင်း ဆုဖလားတွေအတွက် ဆာလောင်မြွတ်သိပ်နေဆဲပါ”လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။