ရီစီဂျိမ်းစ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်ဆင်းနိုင်ဖို့ နီးစပ်နေပေမယ့် အက်ဖ်အေရဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း သိရပါတယ်။ အင်္ဂလန်သားဟာ တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်နားနေရပေမယ့် အက်စတွန်ဗီလာနဲ့ပွဲအပြီး ကွင်းလယ်ဒိုင် ဂျာရက်ဂီလက်ကို ဥမင်ထဲမှာ ပြင်းထန်စွာရန်တွေ့ခဲ့တာကြောင့် အက်ဖ်အေက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
ချဲလ်ဆီးဥပဒေရေးရာဌာနကတော့ အက်ဖ်အေကို ပြန်လည်တုံ့ပြန်ဖို့ လျှောက်လွှဲချက်ကို အပြီးသတ်နေပေမယ့် ဂျိမ်းစ်ကတော့ စွဲချက်ကို လက်ခံသွားမယ်လို့ မျှော်လင့်ရပါတယ်။ အကြောင်းကတော့ ဂျိမ်းစ်ရဲ့လုပ်ရပ်ကို အက်ဖ်အေက အဆင့်အတန်းမရှိတဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ထားပြီး စွဲချက်အပေါ် ကြိုတင်အမိန့်ချတာမျိုး ပြုလုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။
ဂျိမ်းစ်က ပြစ်ဒဏ်အပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ် မူတည်ပြီး ကော်မရှင်က အပြစ်ပေးသွားမှာဖြစ်ကာ ပွဲပယ်ပြစ်ဒဏ်ကျခံစေဖို့က ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကော်မရှင်ကတော့ ကြားနာမှုကို တနင်္လာနေ့ ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင်အထိ ပြုလုပ်မှာမဟုတ်သေးလို့လည်း သိရပါတယ်။