
ဆိုရှယ်မီဒီယာမှာ ကွင်းလယ်ဒိုင်ကို ဝေဖန်တဲ့ပို့စ်တင်ခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရတဲ့ ရာမို့စ်
မွန်တာရေးနောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆန်းတို့စ်လာဂူနာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကို ကျေနပ်မှုမရှိတာကြောင့် ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ပြီးဝေဖန်ခဲ့ရာ မက္ကဆီကိုဘောလုံးအဖွဲ့ချုပ် FMF ရဲ့ဒဏ်ရိုက်ခြင်းကို ခံခဲ့ရပါတယ်။
အဆိုပါပွဲစဉ်မှာ စပိန်ဂန္ထဝင်နောက်ခံလူဟာ မွန်တာရေးအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပေမယ့် ပထမတစ်ဂိုးမှာ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပြီး ဒုတိယသွင်းဂိုးကတော့ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြစ်ဒဏ်ကျူးလွန်တယ်လို့ဆုံးဖြတ်ခံခဲ့ရလို့ ထပ်မံပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ရာမို့စ်အနေနဲ့ ဒုတိယသွင်းဂိုးနဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိတာကြောင့် ဒေါသအိုးပေါက်ကွဲခဲ့ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းက "ဘယ်လောက်တောင်ရှက်ဖို့ကောင်းတဲ့ပြစ်ဒဏ်ဘောလဲ။ ထောင့်ကန်ဘောတွေမှာ ကျွန်တော့်ကိုဆွဲလှဲချတုန်းကတော့ ဒါက ပွဲရဲ့တစ်စိတ်တစ်ပိုင်းလို့ပြောတယ်။ ဒီနေ့ကတော့ ဟာသပါပဲ။ ဒီလိုအဖြစ်အပျက်မျိုး ဒီလိဂ်မှာပဲမြင်ဖူးပါသေးတယ်" လို့ရေးသားခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်အတွင်း ရာမို့စ်ဟာ ပြိုင်ဘက်ကစားသမား အန်သိုနီလိုဇာနိုနဲ့ ထိခိုက်မိခဲ့တာကြောင့် မျက်ခုံးအပေါ်မှာ ပြတ်ရှဒဏ်ရာရရှိခဲ့ပေမယ့် ပွဲအပြီးမှာ ဒဏ်ရာအခြေအနေသက်သာကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ရာမို့စ်က "သတင်းမေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ မျက်ခုံးမှာ ၄ ချက်ချုပ်ခဲ့ရပေမယ့် ကျွန်တော်အဆင်ပြေပါတယ်။ ဒီအမာရွတ်က အမှတ်တရတစ်ခုပေါ့။ အမာရွတ်တွေမရှိတဲ့ဘဝမျိုးကိုလည်း ကျွန်တော်မလိုချင်ပါဘူး" လို့ရေးသားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ မွန်တာရေးဟာ တီဂျူအာနာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ရာမို့စ်အနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်သွားဖွယ်ရှိပါတယ်။