The network connection is lost.

Banner Image

ဆာဂျီယိုရာမို့စ်နှင့် နှိုင်းယှဉ်ခံရတဲ့ နောက်ခံလူကို ခေါ်ယူရန် လိဒ်စ်ယူနိုက်တက် ပစ်မှတ်ထားနေ

ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ သေချာသွားပြီးနောက် လိဒ်စ်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ဘက်ကို အာရုံစိုက်လာပါတယ်။ နည်းပြ ဒန်နီယယ်ဖာကေးက လာမယ့်ရာသီမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်သွားနိုင်ဖို့ ကစားသမားသစ်တချို့ အင်အားဖြည့်တင်းလိုနေပြီး နောက်ခံလူတစ်ဦး ခေါ်ယူဖို့က သူ့ရဲ့ ဦးစားပေးစာရင်းထဲမှာ ပါဝင်နေပါတယ်။

သတင်းများအရ လိဒ်စ်အသင်းဟာ လက်ရှိရှိနေတဲ့ ဂျာကာဘီဂျော၊ ဂျိုးရိုဒွန်နဲ့ ပါစကယ်လ်စရိုက်တို့လို ကစားသမားတွေကို ပြိုင်ဆိုင်မှုပေးနိုင်မယ့်သူတစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပြီး လူသရှာရယ် ဂါထရူဒါ (Lutsharel Geertruida) ကို ပစ်မှတ်ထားနေတာပါ။ ဂါထရူဒါဟာ လက်ရှိမှာ အာဘီလိုက်ပ်ဇစ်အသင်းကနေ ဆန်းဒါးလန်းအသင်းဆီ အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်းဒါးလန်းဘက်က သူ့ကို ပေါင် သန်း ၂၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်ကို ငြင်းဆန်လိုက်တာကြောင့် ကလပ်အသင်းအတော်များများက သူ့ကို အထူးစောင့်ကြည့်လာကြပါတယ်။

သတင်းထောက် Ekrem Konur ရဲ့ အဆိုအရ လိဒ်စ်အသင်းအပြင် အက်စတွန်ဗီလာ၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့အတူ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နဲ့ စပိန်ကလပ်တွေကလည်း သူ့ကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ အဆိုပါ ဒတ်ချ်ကစားသမားဟာ ဆန်းဒါးလန်းအသင်းဆီ အငှားနဲ့ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ် ၂၆ ပွဲမှာ အထင်ကြီးစရာ ခြေစွမ်းပြသနိုင်ခဲ့ပြီး နေရာစုံ ကစားနိုင်စွမ်းက သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

ညာနောက်ခံလူ ဒါမှမဟုတ် ဗဟိုနောက်ခံလူအဖြစ် ကစားနိုင်တဲ့ ဂါထရူဒါကို ဘွန်ဒက်စ်လီဂါ တရားဝင်ဝက်ဘ်ဆိုက်က ဝါရင့်နောက်ခံလူကြီး ဆာဂျီယိုရာမို့စ်နဲ့တောင် နှိုင်းယှဉ်ဖော်ပြခဲ့ဖူးပါတယ်။ "ရီးရဲလ်မက်ဒရစ် ဂန္ထဝင် ရာမို့စ်လိုပဲ ဂါထရူဒါက ညာနောက်ခံလူ၊ ဗဟိုနောက်ခံလူ ဒါမှမဟုတ် ကွင်းလယ်မှာတောင် အဆင်ပြေပြေ ကစားနိုင်သူပါ။ တစ်ခုတော့ သေချာပါတယ်၊ သူ ဘယ်နေရာမှာပဲ ကစားကစား ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်မှာပါ" လို့ ရေးသားထားပါတယ်။ "ဂါထရူဒါဟာ အဲဒီနေရာ ၃ ခုလုံးကနေ တိုက်စစ်ကို ကူညီပေးနိုင်သလို တစ်ဦးချင်း ယှဉ်ပြိုင်ရတာကိုလည်း နှစ်သက်သူဖြစ်ပါတယ်။ ဂိုးပေါက်ဆီ ပြေးဝင်လာတဲ့ တိုက်စစ်မှူးကို တားဆီးတာပဲဖြစ်ဖြစ်၊ ခံစစ်ကနေ တိုက်စစ်ဆင်ဖို့ ပြိုင်ဘက်ကို လှည့်စားကျော်ဖြတ်တာပဲဖြစ်ဖြစ် သူက ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်" လို့လည်း ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ သူ့ကို ဘာကြောင့် ရာမို့စ်နဲ့ နှိုင်းယှဉ်ရသလဲဆိုတာကို လက်တွေ့သက်သေပြနိုင်ခဲ့ပြီး လိဒ်စ်ယူနိုက်တက် ဒါမှမဟုတ် တခြားဘယ် ပရီးမီးယားလိဂ်ကလပ်အတွက်မဆို အဖိုးတန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။