The network connection is lost.

Banner Image

နိုက်စ်တိုက်စစ်မှူး အီဗန်ဂတ်ဆန်ကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ ကြိုးစားလာတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာဟာ ပြင်သစ်လီဂူးကလပ် နိုက်စ်ရဲ့တိုက်စစ်မှူး အီဗန်ဂတ်ဆန်ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ခေါ်ယူဖို့ ကြိုးစားနေပြီး သတင်းတွေအရ ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာသွားဖွယ်ရှိတဲ့ တိုက်စစ်မှူး အိုလီဝက်ကင်းစ်ရဲ့နေရာမှာ အစားထိုးဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 

ဝက်ကင်းစ်ဟာ ယခုနွေရာသီမှာပဲ အက်စတွန်ဗီလာနဲ့လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အင်္ဂလန်လက်ရွေးစင်ကို မန်ချက်စတာယူနိုက်တက်အပါအဝင် ထိပ်သီးကလပ်အချို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အက်စတွန်ဗီလာဟာ ဂတ်ဆန်ကိုခေါ်ယူဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ 

ဗီလာအနေနဲ့ အသက်-၂၄ နှစ်အရွယ်ကစားသမားအတွက် အပိုဆုကြေးပါ စုစုပေါင်း ပေါင် ၃၀.၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်သွားဖွယ်ရှိပြီး နိုက်စ်အနေနဲ့ ကမ်လှမ်းမှုကိုသဘောတူညီပါက မကြာခင်မှာပဲ ကစားသမားဟာ ဆေးစစ်ဖို့ အင်္ဂလန်သို့ထွက်ခွာလာမှာဖြစ်ပါတယ်။ တစ်ဖက်မှာ ဂတ်ဆန်ကိုခေါ်ယူဖို့ကြိုးစားနေပေမယ့် ဗီလာဟာ အသင်းရဲ့တိုက်စစ်မှူး ဝက်ကင်းစ်ရဲ့အနာဂတ်ကိုတော့ တိတိကျကျ ဆုံးဖြတ်ပေးထားခြင်းမရှိသေးပါဘူး။ 

သတင်းတွေအရ ဗီလာဟာ ဝက်ကင်းစ်ကိုရောင်းချနိုင်ဖို့ မျှော်လင့်ထားပြီး ပေါင်သန်း ၄၀ နဲ့ ၅၀ ကြား တန်ကြေးသတ်မှတ်ထားတယ်လို့သိရပါတယ်။ ဝက်ကင်းစ်အနေနဲ့လည်း ကစားသမားဘဝ တိုးတက်မှုကိုရှာဖွေဖို့ ဗီလာကိုစွန့်ခွာသင့်ပြီလို့ ယူဆနေပုံရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ဗီလာမှာ ၅ ရာသီကြာကစားခဲ့ပြီး စုစုပေါင်း ၈၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ ဗီလာဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စီးရီးအေကလပ် ရိုးမားကို အိမ်ကွင်း ဗီလာပါ့ခ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။