
ပြင်သစ်အသင်းဖော်ရဲ့ဘော်လွန်းဒီအော်ဆုအောင်မြင်မှု အဓိကအကြောင်းအရင်းကို ဂျီရော့ဒ် ရှင်းလင်း
အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျီရော့ဒ်က ပြင်သစ်အသင်းဖော်ဟောင်းတစ်နေ့မှာ ဘော်လွန်းဒီအော်ဆုရမယ်ဆိုတာကို ဘယ်တုန်းကမှစိတ်ကူးမယဉ်မိခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပြီးနောက် အဆိုပါဆုရရှိခဲ့တဲ့အဓိကအကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။ ပီအက်စ်ဂျီစတားဟာ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး ၃၅ ဂိုး နဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် တနင်္လာညတုန်းက ဘော်လွန်းဒီအော်ဆုရယူနိုင်ခဲ့ပါတယ်။
ဒမ်ဘီလီရဲ့ကစားသမားဘဝက အတက်အကျများခဲ့ပြီး ဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပြီး တန်ကြေးပါ လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ ပီအက်စ်ဂျီကိုရောက်လာချိန်မှာတော့ ကစားသမားဘဝက ပြန်လည်တောက်ပလာခဲ့ပြီး ပီအက်စ်ဂျီအသင်း ပထမဆုံးချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။
L’Equipe သတင်းဌာနနဲ့အင်တာဗျူးမှာ ဂျီရော့ဒ်က ဒမ်ဘီလီရဲ့အရည်အချင်းကို ဘယ်တုန်းကမှမေးခွန်းမထုတ်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့သလို အနာဂတ်မှာ သူ့အနေနဲ့ ဘော်လွန်းဒီအော်ဆုရနိုင်တယ်လို့ မထင်ခဲ့မိကြောင်း ပြောကြားလိုက်ပါတယ်။ “ဘော်လွန်းဒီအော်ဆုအတွက် သူ့ကိုအလားအလာရှိလားလို့ မြင်မိလားဆိုရင် ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြင်သစ်အသင်းမှာ သူ့ကိုမြင်မိတိုင်းဆိုရင်တော့ နိုးလို့ပြောရပါမယ်။
အဲ့တာက ဖြစ်မလာနိုင်ဘူးလို့ ထင်ပါတယ်။ ဘော်လွန်းဒီအော်ဆုရဖို့ ခင်ဗျားမှာ အရည်အချင်းအပြင် ရာသီကောင်းတစ်ခုပိုင်ဆိုင်ရပါမယ်။ အခုတော့ သူက အဲ့လိုလုပ်နိုင်ခဲ့ပါတယ်။ သူက မှန်ကန်တဲ့အသင်းမှာ အရာအားလုံးအောင်မြင်ခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုဆိုတာ အောင်မြင်မှုတွေအပေါ်မှာ မူတည်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ပီအက်စ်ဂျီစတားက ပြင်သစ်သမိုင်းတစ်လျှောက် ဘော်လွန်းဒီအော်ဆုရခဲ့တဲ့ ၆ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပြီး သူ့အရင် ကိုပါ ၊ ပလာတီနီ ၊ ပါပင် ၊ ဇီဒန်း နဲ့ ဘန်ဇီးမားတို့က အဆိုပါဆုကိုရရှိထားခဲ့ပါတယ်။ ဒမ်ဘီလီဟာ ပီအက်စ်ဂျီအတွက် အဆိုပါရာသီမှာ ၃၅ ဂိုးသွင်း ၊ ၁၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ တနင်္လာနေ့မှာ မာဆေးလ်နဲ့ကန်ရမှာဖြစ်ပြီး အခုလာမယ့်စနေနေ့ Auxerre နဲ့ပွဲမှာ ဒမ်ဘီလီတစ်ယောက် ပါဝင်လာနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။