
အသက်-၄၀ နှစ်အရွယ်အထိ ဘောလုံးကစားသွားမယ်လို့ ဆိုလိုက်တဲ့ မိုဆာလက်
ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးအသင်းဆွတ်ခူးနိုင်ခဲ့တဲ့ အခုဘောလုံးရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ပြီးနောက် မိုဆာလက်က အသက်-၄၀ နှစ်အရွယ်မတိုင်ခင်အထိ ဘောလုံးကစားနိုင်စွမ်း သူ့မှာရှိထားတယ်လို့ ယုံကြည်နေပါတယ်။ အန်းစလော့ရဲ့အန်ဖီးလ်ကွင်းဗွေဆော်ဦးဘောလုံးရာသီမှာ အောင်ပွဲနဲ့အဆုံးသတ်နိုင်ခဲ့သလို မိုဆာလက်ကလည်း ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ အကောင်းဆုံးသမားဆု၊ ရွှေဖိနပ်ဆုနဲ့ Playmaker ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အီဂျစ်ကြယ်ပွင့်က ဒီဆုသုံးခုလုံးကို တစ်ရာသီတည်းမှာ သိမ်းပိုက်နိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုအတွင်း ဂိုးပါဝင်ပတ်သက်မှုအများဆုံးစံချိန်ကိုလည်း လိုက်မီနိုင်ခဲ့ပါတယ်။ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၉ ဂိုးသွင်း၊ ၁၈ ကြိမ်ဂိုးဖန်တီးခဲ့တဲ့ မိုဆာလက်က ဂိုးပါဝင်ပတ်သက်မှု ၄၇ ကြိမ်အထိပြုလုပ်ပြီး အန်ဒီကိုးလ်(၁၉၉၃-၁၉၉၄ ဘောလုံးရာသီ)၊ အလန်ရှီးယား(၁၉၉၄-၁၉၉၅ ဘောလုံးရာသီ)တို့ရဲ့စံချိန်မှတ်တမ်းကို အမီလိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အန်ဒီကိုးလ်နဲ့ အလန်ရှီးယားတို့ကတော့ ၄၂ ပွဲအထိ ကစားတဲ့ ဘောလုံးရာသီမှာ အခုလိုစံချိန်မှတ်တမ်းမျိုးကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မိုဆာလက်က အခုမှတ်တမ်းကို ၃၈ ပွဲသာ ကစားပြီး ရရှိခဲ့တာပါ။ နောက်ထပ်ဘောလုံးရာသီ ခုနစ်ခု(သို့မဟုတ်)ရှစ်ခုအထိ ပါဝင်ကစားနိုင်ဦးမယ်လို့ ယူဆမိသလားဆိုတဲ့ မေးခွန်းကို မိုဆာလက်က “ ဘောလုံးဆက်မကစားနိုင်တော့ဘူးလို့ ခံစားမိချိန်ကျမှသာ ဘောလုံးကစားခြင်းကို ကျွန်တော် ရပ်တန့်ပစ်ရပါလိမ့်မယ်။
ကျွန်တော့်ရဲ့အမြင်ကိုမေးတာဆိုရင်တော့ ကျွန်တော် အသက်-၄၀ နှစ်အရွယ်လောက်အထိ ဘောလုံးဆက်ကစားနိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ရပ်တန့်လိုက်ချင်ပြီလို့ ခံစားမိရင် ရပ်ပစ်လိုက်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပြီးပါပြီ။ လီဗာပူးမှာသာ ဆက်မကစားရတော့ရင် ဆော်ဒီမြေဆီ ကျွန်တော်ထွက်ခွာသွားဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်လည်း လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် မိုဆာလက်က ၂၀၀၉-၂၀၁၀ ဘောလုံးရာသီ၊ ချဲလ်ဆီးတိုက်စစ်မှူးဒီဒီယာဒရောဘာ့ တင်ရှိထားတဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုအတွင်း အသက်-၃၀ နှစ်နဲ့အထက်ကစားသမားတစ်ဦးရဲ့ သွင်းဂိုးအများဆုံးစံချိန်ကိုလည်း လိုက်မီနိုင်ခဲ့ပါတယ်။