The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်က ပရီးမီးယားလိဂ်ဆုဖလားရရှိသလိုပါပဲလို့ ဆိုလိုက်တဲ့ မာသီးယက်စ်နူနက်စ်

အခုဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုက ပရီးမီးယားလိဂ်ဆုဖလားဆွတ်ခူးသလိုမျိုးပဲ ကောင်းမွန်ပါလိမ့်မယ်လို့ မန်စီးတီးကစားသမားမာသီးယက်စ်နူနက်က ဆိုပါတယ်။အသက်-၂၆ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့အင်္ဂါနေ့၊ အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်စီးတီးက အဆင့်-၆ နေရာရှိ ချဲလ်ဆီးထက် တစ်ပွဲပိုကစား၊ လေးမှတ်အသာဖြင့် အမှတ်ပေးဇယားတတိယနေရာဆီ တက်လှမ်းလာခဲ့ပါတယ်။

တဖက်မှာလည်း အက်စတွန်ဗီလာက အမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းနဲ့ နှစ်မှတ်အကွာ၊ အဆင့်-၇ နေရာမှာပဲ ဆက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ဆက်ကြိုးစားနိုင်ပါသေးတယ်။ ဒါပေမယ့် အခုဘောလုံးရာသီမှာ မန်စီးတီးအသင်း မျှော်မှန်းထားသလောက် မဖြစ်လာခဲ့ဘူးဆိုတာ သိရှိထားတဲ့ ပေါ်တူဂီသားမာသီးယက်စ်နူနက်စ်က ဥရောပထိပ်တန်းပြိုင်ပွဲမှာ နောက်တစ်နှစ်ဆက်ရှိနေနိုင်မှုဟာ ကြီးမားတဲ့ အရေးပါမှုတစ်ခု ဖြစ်လာပါလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

နူနက်စ်က “ အခုအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ ကျွန်တော်တို့အတွက် ပရီးမီးယားလိဂ်ဆုဖလားလိုပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့ရဲ့ကလပ်အသင်း၊ ကစားသမားတွေနဲ့ စိတ်ဓါတ်ပိုင်းအတွက် အတော်လေးအရေးကြီးလိမ့်မယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့အတွက် ဘယ်လောက်အထိအရေးပါနေသလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်း မဖော်ပြနိုင်တော့ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်ခြင်းမရှိလို့ပါပဲ။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကပဲ ကျွန်တော်တို့ရဲ့ပစ်မှတ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရာသီမကုန်ခင် ဝုဗ်၊ ဆောက်သမ်တန်၊ ဘုန်းမောက်၊ ဖူလ်ဟမ်တို့နဲ့ ဆက်ကစားရမယ့် မန်စီးတီးက အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာလည်း နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်သွားရပါဦးမယ်။ အခုလိုအပေါင်းလက္ခဏာဆောင်တဲ့အရာအချို့ရှိနေပေမယ့် နူနက်စ်ကတော့ ထိပ်ဆုံးငါးသင်းစာရင်းဝင်ခြင်းနဲ့ ဆုဖလားဖိုင်နယ်တစ်ခုဟာ မန်စီးတီးအတွက် အောင်မြင်မှုမဟုတ်ပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

သူက “ မဟုတ်ပါဘူး။ ကလပ်အသင်းရဲ့စံနှုန်းတွေက ဒီထက်ပိုမိုမြင့်မားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါတွေက ဒီကလပ်အသင်းလိုချင်တဲ့ စံနှုန်းမျိုးမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အရှိတရားကိုယ်တိုင်က ဒါပဲ ဖြစ်နေပါတယ်။ ဒါကို လက်ခံသွားရပါမယ်။ ပြီးရင် ပရီးမီးယားလိဂ်ဆုဖလားလိုပဲ ဒီရည်မှန်းချက်ကို ပြည့်မီအောင် ကြိုးစားသွားရပါမယ်။ အနိမ့်အမြင့်၊ အတက်အကျတွေရှိတဲ့ ရိုလာကိုစတာခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအတွက်လည်း ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အမှန်ပါပဲ၊ အသင်းဖော်တွေလည်း ပြင်ဆင်ထားရပါမယ်။ အခုအချိန် ကျွန်တော်တို့မှာ ရာသီအစပိုင်းမှာထားရှိခဲ့ဖူးတဲ့ ရည်မှန်းချက်နဲ့ မတူညီတဲ့အရာတစ်ခု ရှိနေပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့နဲ့  အခုအချိန်မှာ ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဘာလို့ဖြစ်နေသလဲဆိုတာကို အသင်းဖော်တွေက ကျွန်တော့်ထက်တောင် ကောင်းကောင်းသိနေပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်သွားရပါမယ်”လို့ ပြောပါတယ်။