ပေါ်တိုနဲ့ပွဲစဉ်မှာ မန်စီးတီးအတွက် ပါဝင်ကစားပေးဖို့ အသင့်ဖြစ်နေပြီလို့ သတင်းကောင်းပါးလာတဲ့ မာသီးယက်စ်နူနက်စ်
မာသီးယက်စ်နူနက်စ်က လက်ရှိမှာ ကြံ့ခိုင်မှုပြည့်၀နေပြီး ပေါ်တိုနဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို ပါဝင်ကစားဖို့အတွက် အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားက မန်စီးတီးရဲ့ရာသီအဖွင့်ပြိုင်ပွဲစုံ ၄ ပွဲအနက် ဘုန်းမောက်နဲ့ပွဲစဉ်မှာသာ လူစားဝင်ကစားသမားအဖြစ် ၃၃ မိနစ်ကြာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ခြေကျင်းဝတ်ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် သူက အခုအချိန်မှာ ကြံ့ခိုင်မှုပြည့်၀နေသလို အသင်းအတွက်လည်း ပိုမိုအရေးပါတဲ့အခန်းကဏ္ဍမှ ကူညီပေးချင်နေပြီလို့ နူနက်စ်က အခိုင်အမာပြောကြားခဲ့ပါတယ်။
ပေါ်တူဂီနိုင်ငံမှာ ပြုလုပ်တဲ့ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း မာသီးယက်စ်နူနက်စ်က "ကျွန်တော် အဆင်ပြေပါတယ်။ အခုဆိုရင် ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း ပြည့်ဝနေပါပြီ" လို့ ပြောပါတယ်။
"အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် တစ်ရက်အလိုမှာ ကျွန်တော် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဖျက်ထုတ်ခံလိုက်ရချိန် ခဏလောက်တော့ နာကျင်ခဲ့ပေမဲ့ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ" လို့ ဆိုပါတယ်။