
အခုဘောလုံးရာသီ၊ ပထမဆုံးရှုံးပွဲအပြီး လီဗာပူးကစားသမားတစ်ဦးကို ပြစ်တင်ဝေဖန်ခဲ့တဲ့ အန်းစလော့
ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ပြီးနောက် အန်းစလော့က လီဗာပူးကြယ်ပွင့်ကစားသမားတစ်ဦးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အခုလိုဆဲလ်ဟတ်ပတ်ခ်ကွင်းရှုံးနိမ့်မှုကြောင့် လီဗာပူးရဲ့ အခုဘောလုံးရာသီရာနှုန်းပြည့်နိုင်ပွဲဆက်နေမှုလည်း အဆုံးသတ်သွားခဲ့ပါတယ်။ ပွဲစဉ်ပြီးဆုံးချိန်မှာလည်း အန်းစလော့ကိုယ်တိုင် သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို နားမလည်နိုင်စွာနဲ့ မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။
၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်ကို ပရီးမီးယားလိဂ်ငါးပွဲဆက်အနိုင်ရရှိမှုအပါအဝင် ပြိုင်ပွဲစုံခုနစ်ပွဲဆက် အနိုင်ရရှိမှုနဲ့အတူ ပြီးပြည့်စုံစွာစတင်ထားနိုင်တဲ့ လီဗာပူးက ယမန်နေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်မှုအရသာကို မြည်းစမ်းသွားခဲ့ပါတယ်။ ပွဲစဉ်အတွင်းမှာလည်း ခရစ္စတယ်ပဲလေ့စ်ကသာ လီဗာပူးကို လွှမ်းမိုးကစားကာ အစ္စမေးလ်ဆားရဲ့ပွဲချိန် ၉ မိနစ်သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပါတယ်။ သာမန်ပွဲကစားချိန်ကုန်ဆုံးဖို့ သုံးမိနစ်အလိုမှာတော့ ချီယေဆာက လီဗာပူးအတွက် ချေပဂိုးသွင်းယူခဲ့ပြီး အိုလီဗာဂလက်စ်နာရဲ့အသင်း ပြုံးပျော်စေမဲ့ အနိုင်ဂိုးကို အန်ကတ်တီယာက နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ သွင်းယူသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး လီဗာပူးအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ပိုင်းခြားစစ်ဆေးကြည့်ရာမှာ အန်းစလော့က “ ကျွန်တော်တို့အသင်းကစားခဲ့တဲ့ ခုခံကာကွယ်မှုပုံစံအတွက် ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်သွားရပါမယ်။ ကျွန်တော်တို့ရဲ့ကစားသမားတစ်ဦးဆိုရင် တန်ပြန်တိုက်စစ်ကစားချင်လို့ ခံစစ်ဇုန်ထဲမှ ပြေးထွက်လာခဲ့ပါတယ်။ ပွဲကစားချိန်ပြည့်နေပြီဖြစ်လို့ ဒါက အသုံးမဝင်ပါဘူး။ ခံစစ်ပိုင်းနဲ့ပတ်သက်လို့ ပြောချင်တာ ဒီလောက်ပါပဲ။ ဒါ့အပြင် ကစားသမားတစ်ဦးမှာဆိုရင်လည်း တိုက်စစ်လိုက်ပါချင်စိတ် အဆမတန်လွန်ကဲနေပြီး ဒါကြောင့်ပဲ အနိုင်ဂိုးပေးလိုက်ရကာ ကျွန်တော်တို့ကို ရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်”လို့ ပြောပါတယ်။
အန်းစလော့ရဲ့အခုလိုမှတ်ချက်ပေးပြောကြားမှုက နွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ ဖရင်းပေါင်ဆီ ရည်ညွှန်းချင်ပုံရပါတယ်။ လီဗာပူးနည်းပြက “ စိတ်ပျက်စရာပထမပိုင်းပွဲချိန်နဲ့ စိတ်ပျက်စရာပွဲစဉ်အဆုံးသတ်မှု ဖြစ်ခဲ့ပါတယ်။ ပဲလေ့စ်ကို အသိအမှတ်ပြုပေးရပါမယ်။ ကွန်မြူနတီဒိုင်းရှုံးနိမ့်မှုနဲ့အတူ ဒါက သူတို့ကို ကျွန်တော်တို့ ပထမဆုံးအကြိမ် ရှုံးနိမ့်မှုမဟုတ်ပါဘူး။ ပထမပိုင်းပွဲချိန်မှာဆိုရင် သူတို့တွေ နှစ်ဂိုး၊ သုံးဂိုးလောက်အထိ သွင်းယူနိုင်ဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကျွန်တော်တို့အသင်း ပိုကောင်းလာခဲ့ပါတယ်။
ဒီကွင်းမှာ အခြားအသင်းအတော်များများမပြုလုပ်နိုင်တဲ့ အခွင့်အရေးဖန်တီးမှုတွေကို ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ချေပဂိုးရရှိမယ့် အခိုက်အတန့်တစ်ခုကို ပေးခဲ့ပါတယ်။ ပြီးတော့ ပထမပိုင်းပွဲချိန်တုန်းကလိုပဲ စိတ်ပျက်ဖွယ်အလွတ်တည်ကန်ဘောပုံစံသွင်းဂိုးတစ်ဂိုးကို ကျွန်တော်တို့ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီနေ့ပွဲစဉ်အတွက် အနိုင်ရလဒ်နဲ့ထိုက်တန်တဲ့အသင်းကတော့ ခရစ္စတယ်ပဲလေ့စ်ပါပဲ”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က ပြိုင်ဘက်တွေရဲ့အလွတ်တည်ကန်ဘောခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ဖို့ သူတို့အသင်း ရုန်းကန်နေရတယ်လို့ ဝန်ခံရင်း “ ကိုယ့်မှာ ယှဉ်ပြိုင်ချင်စိတ်ရှိတယ်ဆိုရင် ကဏ္ဍစုံမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဟန်ချက်ညီမှုမျိုးတွေ ရှိနေရပါမယ်။ ဒါက ကျွန်တော်ကိုယ်တိုင် နှစ်ပေါင်းများစွာ ပြောနေခဲ့တဲ့ကိစ္စ ဖြစ်ပြီး ဒီလိဂ်မှာဆိုရင် ပိုလို့တောင် အခြေအနေကောင်းလာနိုင်ပါတယ်။ အလွတ်တည်ကန်ဘောဆိုတာ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးလက်နက်တွေအနက် တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အလွတ်တည်ကန်ဘောခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့တွေ ခက်ခက်ခဲခဲကိုင်တွယ်နေရပါတယ်။ နယူးကာဆယ်နဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောမှတဆင့် နှစ်ဂိုးပေးလိုက်ရသလို ဒီနေ့မှာလည်း နှစ်ဂိုးပေးခဲ့ရပါတယ်။ ဒါကြောင့် ဒီကဏ္ဍမှာ ကျွန်တော်တို့တွေ ပိုကောင်းအောင်လုပ်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။ ဒါပေမဲ့ ဒီလိဂ်မှာတော့ အလွတ်တည်ကန်ဘောခြိမ်းခြောက်မှုတွေ ပိုပြီးများလာပါတယ်။
ပြိုင်ဘက်ရဲ့ခြိမ်းခြောက်မှုတွေကိုလည်း ကျွန်တော်တို့တွေ အများကြီးကာကွယ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ကစားသမားတစ်ဦးဆိုရင် နောက်ဆုံးမိနစ်မှာ တန်ပြန်တိုက်စစ်စတင်နိုင်ရေး ရှေ့တက်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ အဲ့ဒီဧရိယာဆီပဲ ဘောလုံးကျလာခဲ့ပြီး ပြိုင်ဘက်ဆီအနိုင်ဂိုးပေးလိုက်ရပါတယ်”လို့ ပြောပါတယ်။
အခုတော့ အင်္ဂလန်ချန်ပီယံတွေက လာမယ့်အင်္ဂါနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်သွားရပါလိမ့်မယ်။ ဒီနောက်မှာတော့ သူတို့တွေက အောက်တိုဘာ ၄ ရက်၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ရင်ဆိုင်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခရီးဆက်ရပါမယ်။