The network connection is lost.

Banner Image

အခုရာသီ၊ ပထမဆုံးရှုံးပွဲအပြီး လီဗာပူးအတွက် အဓိကပြဿနာရပ်ကို ရှင်းပြလာတဲ့ အန်းစလော့

ယမန်နေ့(စနေနေ့)၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရချိန် အခုရာသီ၊ ပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲ ကြုံတွေ့ပြီးနောက် အန်းစလော့က အလွတ်တည်ကန်ဘောနဲ့ပတ်သက်လို့ လီဗာပူးအသင်းခံစစ်ပိုင်း ရုန်းကန်နေရမှုကို ညည်းတွားပြောဆိုခဲ့ပါတယ်။ ကြိုးကြာနီတွေက ထောင့်ကန်ဘောတစ်ကြိမ်၊ လက်ပစ်ဘောတစ်ကြိမ်တို့မှ အစ္စမေးလ်ဆားနဲ့ အန်ကတ်တီယာတို့ရဲ့ခြိမ်းခြောက်မှုကို မကာကွယ်နိုင်ဘဲ ဆဲလ်ဟတ်ပတ်ခ်မှာ ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်နေမှုမှတ်တမ်း ရပ်တန့်သွားခဲ့ပါတယ်။

လီဗာပူးအတွက် အကောင်းဆုံးကစားသမားအဖြစ် အလီဆင် ရပ်တည်နေခဲ့တဲ့ပွဲစဉ်မှာ အန်းစလော့ရဲ့အသင်းက ပွဲချိန်ပြည့်ရုန်းကန်ခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်ကလည်း အခုဘောလုံးရာသီ၊ ထိပ်တန်းလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်စေမယ့် ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

တောင်လန်ဒန်အရပ်မှာ ခက်ခဲကြမ်းတမ်းတဲ့ခရီးစဉ်တစ်ခုကို ဖြတ်သန်းပြီးနောက် လီဗာပူးနည်းပြအန်းစလော့က သူ့အသင်းရဲ့တချိန်က အမှတ်ရလောက်စရာခံစစ်ပိုင်းစွမ်းဆောင်ရည်ကို ထောက်ပြရင်း အခုဘောလုံးရာသီအတွက် စိုးရိမ်ရေမှတ်ဆီ ရောက်ရှိလာတဲ့ အကြောင်းအရာအသစ်တစ်ခုကို ထုတ်ဖော်လာခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး BBC Sport နဲ့တွေ့ဆုံချိန် အန်းစလော့က “ အလွန်ခက်ခဲခဲ့တဲ့ ပထမပိုင်းပွဲချိန်ဖြစ်ပါတယ်။ သူတို့တွေ ဦးဆောင်ဂိုးရရှိဖို့ အလွန်ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် တစ်ဂိုးပဲပေးလိုက်ရတာ အတော်လေးကံကောင်းပါတယ်။ ဒုတိယပိုင်းမှာတော့ ဆန့်ကျင်ဘက်ဖြစ်သွားပါတယ်။ ဂိုးမသွင်းယူနိုင်ခင် အခိုက်အတန့်ကောင်းတစ်ခု ရှိခဲ့သလို သိပ်မကြာခင်မှာပဲ ချေပဂိုး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယမြောက်အလွတ်တည်ကန်ဘောမှတဆင့် သူတို့တွေ အခုပွဲစဉ်ကို အနိုင်ရရှိခဲ့ပါတယ်။ 

ကိုယ်က ယှဉ်ပြိုင်ချင်စိတ်ရှိတယ်ဆိုရင် အလွတ်တည်ကန်ဘောနဲ့ပတ်သက်လို့ အလွန်အပေါင်းလက္ခဏာဆောင်တဲ့ ဟန်ချက်ညီမှုတစ်ခု လိုအပ်ပါတယ်။ ဒီလိဂ်မှာဆိုရင် ပိုပြီးတောင် လိုအပ်ပါသေးတယ်။ အလွတ်တည်ကန်ဘောဆိုတာ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးလက်နက်တွေအနက် တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အလွတ်တည်ကန်ဘောခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့တွေ ခက်ခက်ခဲခဲကိုင်တွယ်နေရပါတယ်။

 နယူးကာဆယ်နဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောမှတဆင့် နှစ်ဂိုးပေးလိုက်ရသလို ဒီနေ့မှာလည်း နှစ်ဂိုးပေးခဲ့ရပါတယ်။ ဒါကြောင့် ဒီကဏ္ဍမှာ ကျွန်တော်တို့တွေ ပိုကောင်းအောင်လုပ်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။ ဒါပေမဲ့ ဒီလိဂ်မှာတော့ အလွတ်တည်ကန်ဘောခြိမ်းခြောက်မှုတွေ ပိုပြီးများလာပါတယ်”လို့ ပြောပါတယ်။

စတုတ္ထဒိုင်ရဲ့နာကျင်အချိန်ပိုခြောက်မိနစ်သတ်မှတ်ပေးမှုနဲ့အတူ အခုပွဲစဉ်အတွက် အနိုင်ဂိုးကို နာကျင်အချိန်ပိုခုနစ်မိနစ်မှာ ပဲလေ့စ်အတွက် အန်ကတ်တီယာက သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့ကိုယ်တိုင်ကတော့ နာကျင်အချိန်ပိုနဲ့ပတ်သက်လို့ ပွဲစဉ်တာဝန်ရှိသူတွေကို ဝေဖန်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ သူက “ နာကျင်အချိန်ပိုရဲ့နာကျင်အချိန်ပိုမှာ ဂိုးပေးလိုက်ရတယ်ဆိုတာ စိတ်ကူထားတဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူစားလဲလှယ်မှုတစ်ခုရှိခဲ့တော့ စက္ကန့်သုံးဆယ်လောက် ပိုပေးတယ်ဆိုတာ မျှတပါတယ်။ 

သူတို့တွေ ဘယ်အချိန်မှာ ဂိုးသွင်းယူသွားလဲဆိုတာ ကျွန်တော် ပြန်လေ့လာကြည့်ပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကလည်း လက်ပစ်ဘောတွေကို ကောင်းကောင်းခုခံနိုင်ဖို့ လိုအပ်ပါတယ်။ ကစားခဲ့ပြီးသမျှပွဲစဉ်တိုင်းရဲ့သင်ခန်းစာကို ရယူသွားပါမယ်။ အခုလိုပွဲစဉ်မျိုးဆိုရင် ပိုပြီးတော့တောင် သင်ခန်းစာယူနိုင်ပါတယ်”လို့ ပြောပါတယ်။

အခုတော့ အင်္ဂလန်ချန်ပီယံတွေက လာမယ့်အင်္ဂါနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်သွားရပါလိမ့်မယ်။ ဒီနောက်မှာတော့ သူတို့တွေက အောက်တိုဘာ ၄ ရက်၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ရင်ဆိုင်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခရီးဆက်ရပါမယ်။