The network connection is lost.

Banner Image

ဆန်းတို့စ်နဲ့ ၂၀၂၅ နှစ်ကုန်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ နေမာ

ဆန်းတို့စ်ကြယ်ပွင့် နေမာဂျူနီယာဟာ ယခုနွေရာသီအတွင်း ဥရောပကလပ်တွေနဲ့ချိတ်ဆက်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ အသင်းနဲ့ ၂၀၂၅ နှစ်ကုန်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ 

အသက်-၃၃ နှစ်အရွယ် ဘရာဇီးကြယ်ပွင့်အနေနဲ့ လက်ရှိ ၆ လစာချုပ် သက်တမ်းကုန်ဆုံးသွားပါကလည်း ဆန်းတို့စ်နဲ့ပဲ နောက်ထပ်စာချုပ်သစ် ထပ်မံချုပ်ဆိုသွားနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ နေမာက "ကျွန်တော့်နှလုံးသားရဲ့ဆန္ဒအတိုင်း ဆန်းတို့စ်နဲ့လက်တွဲဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဆန်းတို့စ်က ကျွန်တော့်အတွက် သာမန်အသင်းတစ်သင်းမဟုတ်ဘဲ ကျွန်တော့်ရဲ့အိမ်၊ ကျွန်တော့်ရဲ့သမိုင်းနဲ့ ကျွန်တော့်ရဲ့ဘဝပါ။ ကျွန်တော်ဒီမှာပဲကြီးပြင်းခဲ့ပြီး လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီမှာနေရတာလည်း အရမ်းပျော်ပါတယ်။ ဒီမှာဆိုရင် ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

နေမာဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဆန်းတို့စ်သို့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ပေါင်ဒဏ်ရာကြောင့် ၁ လကျော်အနားယူခဲ့ရပြီး ဘရာဇီးချန်ပီယံရှစ်မှာ ၄ ပွဲသာပါဝင်ကစားထားရပါသေးတယ်။ ဒါ့အပြင် ယခုလအစောပိုင်းမှာလည်း နေမာဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားခဲ့ပါတယ်။  လောလောဆယ်မှာတော့ ဆန်းတို့စ်ဟာ ဘရာဇီးစီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေပါတယ်။