
ဆန်းတို့စ်အသင်းနဲ့ ၆ လစာချုပ်သာချုပ်ဆိုခဲ့တဲ့အပေါ် ရှင်းပြလိုက်တဲ့ နေမာ
ဘာစီလိုနာကိုပြန်ဖို့ ချိတ်ဆက်နေတဲ့ကြားထဲမှာ ဆန်းတို့စ်အသင်းနဲ့ ၆ လ စာချုပ်သာချုပ်ဆိုခဲ့တဲ့အပေါ် နေမာက ရှင်းပြလိုက်ပါတယ်။ ဘရာဇီးသားဟာ အသင်းဟောင်း ဆန်းတို့စ်အသင်းထံ ဇန်နဝါရီ ၃၁ တုန်းက ၆ လစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ နေမာတစ်ယောက် အယ်လ်-ဟီလယ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပြီးနောက် ၇ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေကနေ သက်သာလာခဲ့ပြီးနောက် ၂၀၂၄ နိုဝင်ဘာမှာ တံကောက်ကြောဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်းတို့စ်အသင်းမှာ ပုံစံကောင်းပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ဆန်တာအသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ နေမာတစ်ယောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ဂူဟာမီရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ “ကျွန်တော်တို့ပစ်မှတ်က ၆ လတင်မဟုတ်ပါဘူး။ အဲ့တာက စာချုပ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ ထပ်မံချုပ်ဆိုနိုင်ပါသေးတယ်။ ကျွန်တော်တို့ ဒီကို ၆ လအတွက် လာခဲ့တာမဟုတ်ပါဘူး။
ဆန်းတို့စ်က ကျွန်တော်ပုံစံကောင်းပြန်ယူနိုင်အောင် အခွင့်အရေးပေးခဲ့ပါတယ်။ တနင်္လာနေ့ပွဲက အသာလေးကျော်ဖြတ်နိုင်ခဲ့ပါပြီ။ စာချုပ်က ကျွန်တော်တို့ ကြားမှာတင်မဟုတ်ပဲ တစ်ဦးနဲ့တစ်ဦး ကူညီပေးနေတာပါ။ ဆန်းတို့စ်နဲ့ ကာလရှည်စာချုပ်မချုပ်ဆိုတာက ကျွန်တော် ဘယ်အချိန်လောက် ပုံစံကောင်းပြန်ရမလဲဆိုတာကို မသိတာကြောင့်ပါ။ အခုလတွေမှာ ကျွန်တော် ဘယ်လိုအခြေအနေရှိလဲဆိုတာ ကြည့်ရပါမယ်။
ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော် ကွင်းထဲမှာ ၁၀၀% ပေးဆပ်နိုင်အောင် ကြိုးစားနေပါတယ်။ အခုအခိုက်အတန့်တွေကိုပဲ နှစ်သက်ပြီး ဆက်သွားရပါမယ်။ ဆန်းတို့စ်ကို ကျွန်တော် ဘယ်လောက်ချစ်လဲဆိုတာ သူတို့သိပါတယ်။ အခုက ဆန်းတို့စ်ရဲ့ခေတ်ကောင်းတစ်ခု စတင်ပါပြီ။ ဆန်းတို့စ်က နောက်တစ်ကြိမ်ထိပ်တန်းအဆင့်ကို ပြန်သွားမယ်ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်”လို့ နေမာက ပြောကြားခဲ့ပါတယ်။
နေမာကို ဘာစီလိုနာက ချိတ်ဆက်မှုတွေရှိနေတာဖြစ်ပြီး အသင်းဟောင်းကို ပြန်နိုင်ချေရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ အခုချိန်မှာလည်း ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက ဘယ်ခြမ်းတောင်ပံအတွက် ကစားသမားရှာဖွေနေတယ်လို့ ပြောကြားလာခဲ့ကာ နေမာအနေနဲ့ ဆန်းတို့စ်မှာ စွမ်းဆောင်ရည်ကောင်းဆက်ထိန်းနိုင်မယ်ဆိုရင် ဘာစီလိုနာကို ပြန်သွားနိုင်ချေရှိနေပါတယ်။