The network connection is lost.

Banner Image

အီဆက်ကို ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာခွင့်ပြုဖို့ ကတိပေးထားခြင်းမရှိကြောင်း နယူးကာဆယ်တုံ့ပြန်

နယူးကာဆယ်ဟာ အသင်းကို ကတိဖျက်တယ်လို့ လူသိရှင်ကြားစွပ်စွဲပြောဆိုလာခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို စိတ်ပျက်မိကြောင်းနဲ့ ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာခွင့်ပြုမယ်လို့ မည်သည့်ကတိမှ ပေးထားခြင်းမရှိကြောင်း ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ 

အီဆက်ဟာ ယခုနွေရာသီမှာ နယူးကာဆယ်မှထွက်ခွာပြီး လီဗာပူးသို့ပြောင်းရွှေ့လိုကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုထားပေမယ့် နယူးကာဆယ်ဘက်ကတော့ ပြောင်းရွှေ့ခွင့်မပြုဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားလိုနေတာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့နံနက်က အင်စတာဂရမ်မှတစ်ဆင့် ကစားသမားက နယူးကာဆယ်ဟာ ကတိကိုချိုးဖျက်ပြီး ယုံကြည်မှုတွေကိုလည်းဖျက်ဆီးခဲ့တာကြောင့် ရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တော့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ယခုအခါမှာတော့ နယူးကာဆယ်ဘက်က အခုလို အီဆက်ရဲ့ဝေဖန်ပြောဆိုမှုတွေကို စိတ်ပျက်မိကြောင်းနဲ့ အသင်းဟာ ကစားသမားကိုထွက်ခွာခွင့်ပြုမယ်လို့ ကတိပေးထားခြင်းမရှိကြောင်း ပြန်လည်တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်က "ဒီနေ့ အီဆက်ဝေမျှခဲ့တဲ့ ပို့စ်နဲ့ပတ်သက်ပြီး အသင်းအနေနဲ့ စိတ်ပျက်မိပါတယ်။ အီဆက်က အသင်းနဲ့စာချုပ်သက်တမ်းကျန်ရှိနေသေးသလို၊ သူ့ကို ဒီနွေရာသီမှာ အသင်းကနေထွက်ခွာခွင့်ပြုမယ်လို့လည်း ကတိပေးထားခြင်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပြီး သူတို့မှာ ကိုယ်ပိုင်ဆန္ဒတွေရှိနေတယ်ဆိုတာလည်း နားလည်ပါတယ်။ ဒါကြောင့် သူတို့ရဲ့စကားသံတွေလည်းကျွန်တော်တို့အမြဲတမ်းနားထောင်နေပါတယ်"

"အီဆက်နဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေကိုရှင်းပြခဲ့သလိုပါပဲ။ ကျွန်တော်တို့ကတော့ နယူးကာဆယ်ယူနိုက်တက်နဲ့ ပရိသတ်တွေရဲ့အကျိုးစီးပွားကို အမြဲတမ်း ဦးစားပေးစဉ်းစားသွားမှာပါ။ သူ့ကိုဒီနွေရာသီမှာရောင်းချဖို့အတွက်လည်း ကျွန်တော်တို့ဘက်မှာ လုံလောက်တဲ့အကြောင်းပြချက်တွေမရှိသေးပါဘူး။ အီဆက်က အသင်းရဲ့မိသားစုဝင်တစ်ဦးအနေနဲ့ ဆက်လက်ကျန်ရှိနေဆဲဖြစ်ပြီး အသင်းဖော်တွေနဲ့ပြန်လည်ပေါင်းစည်းဖို့အဆင်သင့်ဖြစ်ပြီဆိုရင် သူ့ကို အသင်းမှာပြန်လည်ကြိုဆိုသွားမှာပါ" လို့ထုတ်ပြန်ခဲ့ပါတယ်။

လီဗာပူးဟာ အီဆက်ကိုခေါ်ယူဖို့ ယခုနွေရာသီအစောပိုင်းမှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၂၀ နဲ့ကမ်းလှမ်းထားခဲ့ပေမယ့် နယူးကာဆယ်ဘက်က ပယ်ချထားခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်အနေနဲ့ အန်ဖီးလ်သို့ပြောင်းရွှေ့လိုနေပေမယ့် လီဗာပူးဘက်က အဆိုပါပြောင်းရွှေ့ကြေးထက် တိုးပေးဖို့ အစီအစဉ်မရှိဘူးလို့သိရပါတယ်။ ယခုနွေရာသီအတွင်း လီဗာပူးဟာ နံပါတ် ၉ တိုက်စစ်မှူးသစ် အက်ကီတီကီကို ပေါင် ၇၉ သန်းနဲ့ခေါ်ယူထားပြီးဖြစ်တာကြောင့်လည်း အီဆက်ကို ထပ်မံခေါ်ယူဖို့ ပြင်းပြင်းထန်ထန်ကြိုးစားလာဖွယ်မရှိပါဘူး။ 

အပြောင်းအရွှေ့ကာလက လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှာပိတ်သိမ်းတော့မှာဖြစ်လို့ အီဆက်၊ နယူးကာဆယ်နဲ့ လီဗာပူးတို့ဟာ လက်ရှိပြဿနာကိုဖြေရှင်းနိုင်ဖို့ အချိန် ၂ ပတ်ခန့်သာကျန်ရှိတော့ဖြစ်ပါတယ်။ လာမယ့်တနင်္လာနေ့မှာတော့ နယူးကာဆယ်ဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အီဆက်အနေနဲ့ လက်ရှိအခြေအနေတွေကို ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုပါက အဆိုပါပွဲစဉ်မှာလည်း ဆက်လက်ချန်လှပ်ခံသွားရဦးမှာဖြစ်ပါတယ်။