
အာဆင်နယ်အသင်းဖော်သစ် ဇူဘီမန်ဒီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာတဲ့ အိုဒီဂတ်
အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်က ယခုနွေရာသီအတွင်း အသင်းမှခေါ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေထဲမှ ကွင်းလယ်လူသစ် မာတင်ဇူဘီမန်ဒီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ မန်ချက်စတာယူနိုက်တက်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်လိုအသင်းမျိုးနဲ့ စတင်ဆုံတွေ့ခဲ့ရတာကြောင့် ဇူဘီမန်ဒီအနေနဲ့ ခြေစွမ်းပြဖို့ ရုန်းကန်ရနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် စပိန်သားဟာ သူ့ရဲ့အရည်အသွေးကိုပွဲဦးထွက်မှာပဲ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာ အိုဒီဂတ်က "ဇူဘီမန်ဒီက ရာသီကြိုမှာကတည်းက အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်အရင်က စပိန်မှာသူနဲ့အတူတူကစားခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ရဲ့အရည်အသွေးကို ကောင်းကောင်းသိပြီးသားပါ။ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး ဘယ်လိုဘောလုံးပေးပို့မှုကိုမဆို လက်ခံနိုင်တဲ့အရည်အချင်းရှိပါတယ်။ ပြီးတော့ ဘောလုံးကိုလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ကစားသမားပါ"
"သူက အတော်လေးထက်မြက်ပါတယ်။ ဘောလုံးက ဘယ်နေရာကိုကျမယ်ဆိုတာကို ကြိုခန့်မှန်းတတ်ပြီး ဘောလုံးလမ်းကြောင်းကိုလည်း ဖတ်တတ်ပါတယ်။ ပွဲကိုထိန်းချုပ်ပေးနိုင်တဲ့ကစားသမားပါ။ သူ့ကြောင့် အသင်းမှာမတူညီတဲ့ရှုထောင့်တွေပိုရလာခဲ့ပါတယ်။ ဒီအတွက် စိတ်လှုပ်ရှားမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဇူဘီမန်ဒီဟာ စပိန်လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်မှာ ထိပ်တန်းအဆင့်ခြေစွမ်းကိုပြသနိုင်ခဲ့တာကြောင့် ဒီရာသီမှာ အာဆင်နယ်သို့ စတင်ပြောင်းရွှေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ စပိန်လက်ရွေးစင်ကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေးမြင့်မြင့်မားမားပေးချေခဲ့ရပြီး ယခုအခါမှာတော့ ကစားသမားဟာ အာဆင်နယ်ရဲ့ကွင်းလယ်အတွက် အရေးပါသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြသထားနိုင်ပါတယ်။
ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ယူနိုက်တက်ကိုအနိုင်ရခဲ့တဲ့အာဆင်နယ်ဟာ ဒုတိယမြောက်ပွဲစဉ်မှာတော့ လိဒ်ယူနိုက်တက်နဲ့ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာလည်း ဇူဘီမန်ဒီတစ်ယောက် ပွဲထွက်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။