ခဗာရက်စ်ခီလီယာကို စာချုပ်သက်တမ်းတိုးဖို့ စတင်လှုပ်ရှားလာတဲ့ နာပိုလီ
နာပိုလီအသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျော်ဂျီယာလက်ရွေးစင်ကစားသမား ခဗာရက်စ်ခီလီယာနဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့အတွက် ကနဦးခြေလှမ်းကို စတင်လာခဲ့ပါတယ်။
Sky Italia ရဲ့အဆိုအရ အသက်-၂၃ နှစ်အရွယ် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်ရန်အတွက် နာပိုလီအသင်းအကြီးအကဲတွေ ယမန်နေ့(ကြာသပတေးနေ့)မှာ ဂျာမနီနိုင်ငံဆီ ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဒီသတင်းဌာနကပဲ နာပိုလီနည်းပြသစ်ကွန်တီအနေဖြင့် ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဂျော်ဂျီယာကြယ်ပွင့်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ရေး လိုလားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်အထိတော့ စီးရီးအေကလပ်နဲ့ ကစားသမားအကြား ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိထားပြီလို့ သိရပါတယ်။ တဖက်မှာလည်း အသင်းပြောင်းဖို့အစီအစဉ်ရှိ၊မရှိ အတည်ပြုပေးဖို့ မေးမြန်းလာမှုကို ခဗာရက်စ်ခီလီယာက ပြန်လည်မတုံ့ပြန်ခဲ့ပါဘူး။
သူက “ကွန်တီကရော ကျွန်တော့်ကို ဆက်နေဖို့ ပြောထားသေးလား? ကျွန်တော်လည်း အခုထိတော့ ဘာမှမသိရသေးပါဘူး။ ကမ္ဘာ့အကောင်းဆုံး နည်းပြစာရင်းမှာ ပါဝင်နေတဲ့ ကွန်တီအပေါ် ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်ချက်ချနိုင်ဖို့ အချိန်နည်းနည်းလောက် ယူချင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နေပယ်လ်မြို့ကြီးကို လေးစားချစ်ခင်ပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဘယ်လိုဖြေပေးရမလဲဆိုတာ သေသေချာချာ မသိရသေးပါဘူး”လို့ ပြောပါတယ်။
အခုလအစောပိုင်းတုန်းကတော့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ဂျူဂီလီက ခဗာရက်စ်ခီလီယာအနေဖြင့် နာပိုလီအသင်းမှ ထွက်ခွာဖို့ လိုလားနေပေမယ့် အနာဂတ်ကို ယူရိုပြိုင်ပွဲအပြီးမှသာ ဆုံးဖြတ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ နာပိုလီအသင်းဘက်က စာချုပ်သက်တမ်း သုံးနှစ်ကျန်ရှိနေသေးတဲ့ ကစားသမားကို ဈေးကွက်တင်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အခုလိုအနာဂတ်နဲ့ပတ်သက်ပြီး မရေရာမှုတွေရှိနေပေမယ့် ခဗာရက်စ်ခီလီယာကတော့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရို-၂၀၂၄ ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့အတွက် ဂျော်ဂျီယာအသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်နေပါတယ်။ နာမည်ကြီးပေါ်တူဂီကို အနိုင်ယူကာ အုပ်စုကျွတ်လာတဲ့ ဂျော်ဂျီယာက လာမယ့်တနင်္ဂနွေနေ့ညပိုင်းမှာတော့ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်ကစားရပါလိမ့်မယ်။