
ဖီနာဘာချီမှာ ယူနိုက်တက်မှာတုန်းက မလိုချင်ခဲ့တဲ့ ကစားသမားနဲ့ ပြန်လည်ဆုံတွေ့ရမယ့် မော်ရင်ဟို
ဟိုဆေးမော်ရင်ဟိုဟာ နည်းပြဘဝကို ပြန်လည်ဝင်ရောက်လာချိန်မှာ ယူနိုက်တက်မှာတုန်းက မလိုချင်ခဲ့တဲ့ ကစားသမားနဲ့ ဖီနာဘာချီမှာ ပြန်လည်ဆုံတွေ့ရမှာဖြစ်ကြောင်း သိရပါတယ်။မော်ရင်ဟိုဟာ ၁၁ကြိမ်မြောက် နည်းပြအဖြစ် တာဝန်ယူခြင်းအဖြစ် တူရကီကလပ် ဖီနာဘာချီအသင်းကို ကိုင်တွယ်ဖို့ နီးစပ်နေပါတယ်။
၆၁နှစ်သားနည်းပြကြီးဟာ ရိုးမားကနေ ထုတ်ပယ်ခံခဲ့ရပြီနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ယခုအချိန်မှာတော့ တူရကီလိဂ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့တော့မှာဖြစ်ပေမယ့် ယူနိုက်တက်ကွင်းလယ်လူဟောင်း ဖရက်နဲ့ ပြန်လည်ဆုံတွေ့ရဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဖရက်ကို ၂၀၁၈ခုနှစ်က ရှက်တာဒိုးနက်ကနေ ပေါင်၄၇သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုတစ်ယောက် ယူနိုက်တက်ကနေ ထုတ်ပယ်ခြင်းမခံရခင် ဘရာဇီးသားနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ဗလန်စီယာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖရက်ကို လူစားလဲခဲ့ပြီးနောက် မော်ရင်ဟိုက "မင်း အသင်းမှာနေရမယ့်ရက်က နည်းနည်းပဲကျန်တော့တယ်။"လို့ ပြောခဲ့ကြောင်း သိရပါတယ်။ The Athleticရဲ့အဆိုအရ ဖရက်ဟာ မော်ရင်ဟို လုံးဝမလိုချင်ခဲ့တဲ့ ကစားသမားဖြစ်ကြောင်း သိရပါတယ်။
ဖရက်ဟာ ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့သွားပြီးနောက် ၃၅ပွဲအထိ ပါဝင်ကစားကာ ခြေစွမ်းပြခဲ့ပါတယ်။ ဖီနာဘာချီအသင်းဟာ တစ်ရာသီလုံး ခြေစွမ်းကောင်းတွေ ပြခဲ့ပေမယ့် ဂါလာတာစာရေးကို ၃မှတ်အကွာနဲ့ ဖလားလက်လွှတ်ခဲ့ရပါတယ်။