
ဒဏ်ရာပြဿနာထပ်မံကြုံတွေ့ခဲ့ရပြန်တဲ့ နေမာ
ဘရာဇီးကြယ်ပွင့် နေမာဂျူနီယာဟာ အက်သလက်တီကိုမင်နဲရိုးကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် ပွဲကစားချိန် ၃၄ မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ ဘယ်ဘက်ပေါင်ဒဏ်ရာရခဲ့တယ်လို့သိရပြီး လူစားလဲဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖလူမီးနန့်စ်နဲ့ ပွဲစဉ်မှာလည်း ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ အဆိုပါဒဏ်ရာကြောင့်ပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
ယခု အက်သလက်တီကိုမင်နဲရိုးနဲ့ပွဲစဉ်မှာ နေမာဟာ ဗီလာဘယ်လ်မီရိုကွင်းအတွင်း ပွဲ ၁၀၀ မြောက်ကစားတာဖြစ်လို့ ကျောနံပါတ် ၁၀၀ ကို ဝတ်ဆင်ကစားခဲ့ပါတယ်။ အယ်လ်ဟီလယ်ကစားသမားဟောင်းဟာ ဒဏ်ရာပြဿနာမကြာခဏကြုံတွေ့ခဲ့ရတာကြောင့် ဆော်ဒီပရိုလိဂ်မှာလည်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ နေမာဒဏ်ရာရခဲ့ပေမယ့် ယခုနိုင်ပွဲကြောင့် ဆန်းတို့စ်ဟာ ဘရာဇီးစီးရီးအေ အမှတ်ပေးဇယား တန်းဆင်းဇုန်မှ လွတ်လွတ်ကျွတ်ကျွတ်ရုန်းထွက်နိုင်ခဲ့တယ်လို့သိရပါတယ်။ နေမာပါဝင်ကစားထားတဲ့ ပွဲစဉ် ၄ ပွဲမှာ ဆန်းတို့စ်ဟာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ်ကို ကြုံတွေ့ထားရပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ဆန်းတို့စ်ဟာ လိဂ်ပွဲစဉ်အဖြစ် ဆာအိုပေါ်လိုကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နေမာတစ်ယောက် အဆိုပါပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ ဒဏ်ရာပြဿနာမပြင်းထန်စေရန် မျှော်လင့်နေမှာဖြစ်ပါတယ်။