
ချဲလ်ဆီးဂန္တဝင်တွေဖြစ်တဲ့ ကန်တီ၊ မက်ခီလီလီတို့နဲ့ နှိုင်းယှဉ်ခံရမှုအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ ကိုင်စီဒို
လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း လှပလွန်းတဲ့အဝေးကန်ချက်သွင်းဂိုးကို ရယူပြီးနောက် ကိုင်စီဒိုက ချဲလ်ဆီးရဲ့ဂန္တဝင်ကွင်းလယ်ခံစစ်ကစားသမားတွေဖြစ်တဲ့ ကန်တီ၊ မက်ခီလီလီတို့နဲ့ နှိုင်းယှဉ်ခံရမှုအပေါ် သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကိုင်စီဒိုရဲ့ဇွဲလုံ့လကြီးမားမှုနဲ့ ပွဲစဉ်အပေါ် အဆုံးအဖြတ်ပေးနိုင်စွမ်းတို့ကြောင့် ချဲလ်ဆီးရဲ့အခမ်းနားဆုံးကစားသမားနှစ်ဦးနဲ့နှိုင်းယှဉ်ကာ ချီးကျူးမှုတွေ ရရှိနေပါတယ်။
ဘရိုက်တန်မှ ပေါင် ၁၁၅ သန်းဖြင့်ရောက်ရှိလာတဲ့ ကွင်းလယ်လူက ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှစတင်ကာ ကမ္ဘာ့အဆင့်ကွင်းလယ်ခံစစ်ကစားသမားတွေအနက် တစ်ဦးအဖြစ် ထင်ရှားလာခဲ့ပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားက ကွင်းလယ်ခံစစ်ပိုင်းအတွက်သာမက လီဗာပူးနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုးလိုပဲ အံ့ခမန်းအဝေးကန်ချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ အခုလို စွမ်းဆောင်ရည်မျိုးတွေ ရှိနေပေမဲ့ ကိုင်စီဒိုက တခေတ်တခါတုန်းက ကလပ်အသင်းမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဂန္တဝင်တွေနဲ့ နှိုင်းယှဉ်ခံရမှုကို ပယ်ချကာ ရိုကျိုးနှိမ့်ချမှုအပြည့်ဖြင့် ရှိနေခဲ့ပါတယ်။
ကိုင်စီဒိုက သူ့အပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကန်တီ၊ မက်ခီလီလီတို့ရဲ့အောင်မြင်မှုတွေနဲ့မနှိုင်းယှဉ်မီ သူ့အတွက်လျှောက်လှမ်းရမယ့်ခရီးရှည်ကြီး ရှိနေသေးတယ်လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့တရားဝင်ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ကိုင်စီဒိုက “ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ရရှိနေတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကန်တီ၊ မက်ခီလီလီတို့နဲ့ နှိုင်းယှဉ်ခံရဖို့ဆိုတာ အဝေးကြီးမှာပဲ ရှိနေပါသေးတယ်။ ဒီကလပ်အသင်းအတွက် ဒီပုဂ္ဂိုလ်တွေ လုပ်ပေးခဲ့တဲ့အရာတွေက အများကြီးပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီကလပ်အသင်းနဲ့အတူ အောင်မြင်မှုများစွာ ဆွတ်ခူးပြီး ကလပ်အသင်းရဲ့ဂန္တဝင်တစ်ဦးဖြစ်ချင်တာကြောင့် ဆက်ပြီးတော့ အလုပ်တွေ ကြိုးစားသွားရပါဦးမယ်”လို့ ပြောပါတယ်။
ကိုင်စီဒိုရဲ့အကောင်းဆုံးပုံစံရရှိနေချိန်မှာပဲ မာရက်စ်ကာလက်အောက် ချဲလ်ဆီးအသင်းရဲ့ကံကြမ္မာတွေလည်း တောက်ပလာနေပါတယ်။ လတ်တလောနှစ်တွေအတွင်း ကမောက်ကမဖြစ်ရပ်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ကလပ်အသင်းက အခုအချိန်မှာတော့ တည်ငြိမ်တဲ့တိုးတက်မှုနှုန်းတွေ ပြသနေပါပြီ။ လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိမှုကတော့ သူတို့ရဲ့နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်ကို ချပြလိုက်ခြင်း ဖြစ်ပါတယ်။ဒဏ်ရာပြဿနာကြောင့် ကိုးလ်ပယ်လ်မာလို ကြယ်ပွင့်တိုက်စစ်မှူးကို လက်လွှတ်ထားရချိန်မှာတောင် ချဲလ်ဆီးက ကိုင်စီဒိုရဲ့စွမ်းဆောင်ရည်နဲ့အတူ လီဗာပူးကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အပြီးမှာတော့ ချဲလ်ဆီးက အောက်တိုဘာ ၁၈ ရက်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိပါတယ်။