လာမယ့်ရာသီသစ်မတိုင်ခင် ထိပ်ဆုံး ၄ သင်းနေရာအတွက် ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အိုဝင်
ယူနိုက်တက်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လာမယ့်ရာသီသစ်မတိုင်ခင် ထိပ်ဆုံး ၄ သင်းနေရာအတွက် ခန့်မှန်းလိုက်ပြီး မန်စီးတီးကပဲ ၅ နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆု ၄ နှစ်ဆက်ရယူနိုင်ခဲ့တဲ့ပထမဆုံး အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အိုဝင်က အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ မန်စီးတီးကို စိန်ခေါ်နိုင်မယ့်အသင်းတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး ၂ မှတ်သာ ကွာဟခဲ့ကာ ၂၀၀၄ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးကတော့ ၂၀၂၀ တုန်းက ပရီးမီးယားလိဂ်ရခဲ့တာဖြစ်ပြီး အခုလာမယ့်ရာသီသစ်မှာတော့ ကလော့ပ်နေရာမှာ စလော့တ်က အစားဝင်လာခဲ့တာဖြစ်ပါတယ်။
ဗီလာကလည်း ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ အိုဝင်က ဗီလာ ဒါမှမဟုတ် တော့တင်ဟမ်ဟာ လာမယ့်ရာသီမှာ ထိပ်ဆုံး ၄ သင်းဝင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။
တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက နည်းပြ ပိုစတီကိုဂလူလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အိုဝင်ရဲ့ခန့်မှန်းချက်မှာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ နောက်တစ်ကြိမ်ချန်ပီယံလိဂ်နဲ့လွဲချော်နိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အက်ဖ်အေဖလားတော့ ရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကလည်း နည်းပြအပြောင်းအလဲလုပ်ထားပြီး ပိုချက်တီနိုလက်အောက်မှာ မာရက်စ်ကာနဲ့ အစားထိုးထားပါတယ်။
“မန်စီးတီး ၊ အာဆင်နယ် ၊ လီဗာပူးတို့ကတော့ ထိပ်ဆုံး ၄ သင်းဝင်နိုင်ပါတယ်။ အဆင့် ၄ နေရာအတွက်တော့ ကျွန်တော် သေချာမပြောနိုင်သေးပါဘူး။ ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့က လွဲချော်နိုင်ပြီး တော့တင်ဟမ် ဒါမှမဟုတ် ဗီလာတို့ ဖြစ်လာနိုင်ချေရှိပါတယ်။ ချန်ပီယံဆုကိုတော့ ဂွါဒီယိုလာရဲ့စီးတီးကပဲ ဆက်ရယူနိုင်ချေရှိပါတယ်။ ဂွါဒီယိုလာသာ မန်စီးတီးနည်းပြမဟုတ်ခဲ့ဘူးဆိုရင် လီဗာပူးအသင်း ဆုဖလားဘယ်နလုံးလောက်ရနိုင်မလဲထင်လဲ။ အခုတော့ လီဗာပူးက ဆုဖလားတစ်ကြိမ်ပဲရယူနိုင်ခဲ့ပါတယ်။ အဲ့တာက မန်စီးတီးဘယ်လောက်ကောင်းနေလဲဆိုတာပြသနေပါတယ်။ ဂွါဒီယိုလာ မန်စီးတီးကနေ မထွက်ခွာခင်အထိ ပရီးမီးယားလိဂ်ချန်ပီယံဆုက အပြောင်းအလဲမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၂၄ - ၂၅ ရာသီကို သြဂုတ်လ ၁၆ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ယူနိုက်တက်က ဖူလ်ဟမ်နဲ့စတင်ရင်ဆိုင်ရမှာဖြစ်ကာ အဲ့နောက် မန်စီးတီးက ချဲလ်ဆီး ၊ အာဆင်နယ်က ဝုဗ် ၊ လီဗာပူးက တန်းတက် အစ်ဝှစ်တောင်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။